You are on page 1of 26

မြန်မာ့ရွေးကောက်ပွဲ အတုအယောင်ဖြစ်ကြောင်း ဗြိတိသျှ

နိုင်ငံခြားရေးဝန်ကြီးဝေဖန်

2010-09-17

နိုဝင်ဘာလမှာ ကျင်းပမဲ့ မြန်မာ့ရွေးကောက်ပွဲဟာ လက်ရှိ မြန်မာစစ်အစိုးရရဲ့ အာဏာကို ဆက်ပြီး အသက်သွင်းဖို့


ကြိုးစားတဲ့ အတုအယောင် ရွေးကောက်ပွဲပဲ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague က
ပြောကြားလိုက်ပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)

ဒါ့အပြင် ရွေးကောက်ပွဲတွေဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခွင့်အလမ်းတခု ဖြစ်သင့်တဲ့အပြင်၊


ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေကို အဆုံးသတ်စေမဲ့ ရွေးကောက်ပွဲ
ဖြစ်သင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခု နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေအရ ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့


စိတ်ပျက်စရာကောင်းပြီး ပြစ်တင်ရှုတ်ချသင့်တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်
မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့ ပိုမို ဆောင်ရွက်သင့်တဲ့ အခြေအနေဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး
Mr. Hague က ပြောသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း David Miliband ကလည်း မြန်မာစစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပြစ်တင်


ရှုတ်ချလိုက်ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ
မဟုတ်သလို၊ မြန်မာပြည်သူတွေရဲ့ လည်မျိုကို ပိုညှစ်တဲ့ ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေဟာ တဖက်မှာ ရေငုံနှုတ်ပိတ် ခံထားရတဲ့ အခြေအနေ ရောက်နေသလို


တဖက်မှာလည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနိုင်မဲ့ အခွင့်အလမ်းတွေအားလုံးကို ပိတ်ပင်ခံထားရ ကြောင်း၊
ဒါကြောင့် မြန်မာပြည်သူတွေကိုယ်စား မိမိတို့ ဘာလုပ်မလဲဆိုတာ အရေးကြီးကြောင်း ဗြိတိန်
နိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောပါတယ်။

Source:http://www.rfa.org/burmese/news/britain_accuses_of_sham_election-
09172010111344.html

တိုင်းရင်းသားဒေသအချို့  ရွေးကောက်ပွဲပိတ်ပင်ခံရ
ရွေးကောက်ပွဲ ကော်မရှင်က ကချင်၊ ကယား၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ စက်တင်ဘာလ ၁၆ ရက် နေ့စွဲနဲ
ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ နယ်မြေတွေ စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀
မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀
ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မွန်ပြည်နယ်မှာတော့ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်က ကျေးရွာ အုပ်စုပေါင်း ၉ ခု ပါဝင်ပါတယ်။ အဲဒီဒေသတွေကို


အရင်ကတည်းက အမဲရောင်နယ်မြေအဖြစ် စစ်အစိုးရက သတ်မှတ်ထားပြီး တိုင်းရင်းသား ကိုယ်စားပြု
ပါတီတွေအနေနဲ့လည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတဲ့ နေရာတွေ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ်။

“ဖော်ပြတဲ့ အဲဒီဒေသ ဘယ်နေရာ ဘယ်နေရာ ပယ်လိုက်တယ်ဆိုတာက ဒီနေရာတွေက နည်းနည်း


မှတ်မိတယ်လေ။ မှတ်မိတယ်ဆိုတာက ကျွန်တော်တို့ ဟိုတုန်းက လက်ထောက် ပြည်နယ် ပညာရေးမှူး
စစ်ဆေးရေး လုပ်တုန်းက အဲဒီနယ်တွေကို ဆင်းချင်တယ်ဆိုလို့ရှိရင် ကွန်ဗွိုင်နဲ့ ဆင်းရတာပေါ့၊ ဟိုတုန်းကလေ။
အဓိပ္ပာယ်ကတော့ တပ်နဲ့ သွားရတယ်၊ ရဲနဲ့ သွားရတယ် ဆိုတဲ့ နေရာတွေပေါ့နော။ ဒီနေရာတွေက လက်နက်ကိုင်
အဖွဲ့အစည်းကနေပြီးတော့ လွှမ်းမိုးထားတဲ့ ဒေသ ဖြစ်တယ်။ ဒီနေရာကလည်း သွားလာရ တော်တော် ခက်တယ်။”

“အဲလိုမျိုး ဖြစ်တဲ့အခါကျတော့ ဒီနေရာတွေက သူတို့ လုပ်လိုက်မယ် ဆိုလို့ရှိရင် free and fair မဖြစ်ဖူးဆိုပြီးတော့
သဘောထားလို့ သူတို့ အဲဒီလို လုပ်တာပါ။ တကယ်ဆိုတော့လည်းပဲ အဲဒီ နေရာတွေက အခု ရွေးကောက်ပွဲ
ဆိုလို့ရှိရင်တော့ တစညနဲ့ ကြံ့ဖွတ်ပဲ မဲရမှာပေါ့။”

ရွေးကောက်ပွဲ မကျင်းပဖို့ သတ်မှတ်ခံရတဲ့ နေရာဒေသ အများဆုံးကို ရှမ်းပြည်နယ်မှာ တွေ့ရပြီး ပန်ဆန်း၊ နားဖန်း၊


ပန်ဝိုင်၊ မိုင်းမောမြို့နယ်အားလုံး အပါအဝင် အခြားရှစ်မြို့နယ်က ကျေးရွာတွေမှာ ရွေးကောက်ပွဲ ပြုလုပ်မှာ
မဟုတ်ဘူးလို့ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်ကြောင့် လူဦးရေ
နှစ်သန်းကျော်လောက် မဲပေးပိုင်ခွင့် ဆုံးရှုံးသွားပြီလို့ အမည်မဖော်လိုတဲ့ ရှမ်းခေါင်းဆောင်တဦးက
အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ရွေးကောက်ပွဲ မလုပ်မဲ့ တိုင်းရင်းသား နယ်မြေဒေသတွေကို ကြည့်မယ်ဆိုရင်လည်း အပစ်ရပ် လက်နက်ကိုင်အဖွဲ့နဲ့


စစ်အစိုးရကြား သဘောထား တင်းမာမှုတွေ ကြီးမားနေတယ်ဆိုတာ တွေ့ရတယ်လို့ ပြည်ပအခြေစိုက်
တိုင်းရင်းသားလူမျိုးများ ကောင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စောဒေးဗစ်တောက ဆိုပါတယ်။

Source:http://www.rfa.org/burmese/news/election_commission_disallow_voting_in_ethnic_regions
-09172010135122.html

ရွေးကောက်ပွဲ အသိအမှတ်ပြုရေး ဂျာမနီဆွေးနွေးပွဲ ပြည်တွင်းပြည်ပ ရှုတ်ချ


စစ်အစိုးရကကျင်းပမဲ့ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြုရေးနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံ
ဘာလင်မြို့မှာ စက်တင်ဘာ ၁၇ ရက် ဒီကနေ့ ကျင်းပနေတဲ့ ဆွေးနွေးပွဲကို ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီ
အင်အားစုတွေက ကန့်ကွက်ရှုတ်ချကြကြောင်း သိရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပြုလုပ်သည့်
ဆန္ဒဖော်ထုတ်ပွဲမှ ပိုစတာပုံ ဖြစ်ပါသည်။ www.demowaiyan.co.cc

ဂျာမနီနိုင်ငံ Friedrich Ebert Stiftung အဖွဲ့က တာဝန်ခံကျင်းပတဲ့ အဲဒီဆွေးနွေးပွဲကို IDE မြန်မာ ၊ E.Gress
မြန်မာ ၊ ဥရောပကော်မရှင် စတဲ့အဖွဲ့တွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ဘာလင်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲဟာ မြန်မာပြည်တွင်းက နိုင်ငံရေးလှုပ်ရှားသူတွေကြား စိတ်ဝမ်းကွဲပြားမှု


ပိုမိုဖြစ်စေတာကြောင့် အပြင်းအထန် ရှုတ်ချကြောင်း ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ တသီးပုဂ္ဂလအနေနဲ့
ရွေးကောက်ပွဲဝင်မဲ့ ဒေါက်တာဖုန်းဝင်းက ပြောဆိုလိုက်ပါတယ်။

“ရှုတ်ချတာက ဒီလိုပွဲတွေ လုပ်လို့ရှိရင် မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ကြားထဲမှာ စိတ်ဝမ်းကွဲပြားမှုတွေ


ဖြစ်ပြီးတော့ အစိတ်စိတ် အမွှာမွှာ ကွဲပြားပြီးတော့ပေါ့လေ၊ ဒီမိုကရက်တစ် ဘက်တော်သားတွေ အင်အား
ချိနဲ့သွားပြီးတော့ စစ်အစိုးရ အုပ်ချုပ်ရေးကိုပဲ သက်တမ်းရှည်စေတဲ့ အဖြစ်မျိုး ဖြစ်ဖြစ်သွားလို့ ကျွန်တော်တို့က
ရှုတ်ချတာပါ။ သူတို့က ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲက တချို့ အကြောင်းအရာတွေကပေါ့လေ၊ NLD က
မရှိတော့တဲ့အခါမှာ vacume ကြီးတခု၊ လေဟာနယ်ကြီးတခု ဖြစ်ပြီးတော့ NLD နေရာကို ဘယ်သူက
ဝင်ယူနိုင်သလဲ၊ NLD ရှိနေလျက်သားနဲ့ပေါ့လေ၊ မရှိတော့တဲ့အခါမှာ လေဟာနယ်ကြီးဆိုတဲ့ အခါကျတော့
အဖွဲ့အစည်းတခုခု ပျက်စီးရမှ နောက် အဖွဲ့အစည်းတခုက ဝင်ရတယ်ဆိုတဲ့ဟာကျတော့လေ တဦးပျက်စီးမှ တဦး
အသာရတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲလို မဟုတ်ပဲနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်လို့ ရှိရင်
ပိုမကောင်းဘူးလား။ အဲလိုမျိုး ကျွန်တော်တို့က ဆွေးနွေးစေချင်တာလေ။ အခုဟာတော့ တယောက်ပျက်စီးမှ
နောက်တယောက် အောင်မြင်ရမယ်ဆိုတဲ့ သဘောမျိုးလေး ဖြစ်နေလို့ခင်ဗျ။”

ဘာလင်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲကို မြန်မာ့ရေးရာဌာန (ဂျာမနီ) က ဦးဆောင်ပြီး ဂျာမန်လူမျိုးတွေ


အပါအဝင် စုစုပေါင်း လူ ၃၀နီးပါး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲကို ဆန္ဒပြရတဲ့အကြောင်းနဲ့
ပတ်သက်လို့ မြန်မာ့ရေးရာဌာနက ဦးအောင်သန်းဦးက အခုလိုရှင်းပြပါတယ်။

“ဗမာပြည်ကနေ ဒီ နဝတအစိုးရ အလိုကျ lobby လုပ်ပေးနိုင်မဲ့ E-gress အဖွဲ့ဝင်တွေပေါ့ဗျာ၊ အများစုကတော့။


ကျွန်တော် နာမယ်သိသလောက်ဆိုလို့ရှိရင် ဒေါက်တာ ခင်ဇော်ဝင်း သိတယ်၊ နောက်ပြီးတော့ ဒေါ်လှလှစိုး ဆိုတာ
သိတယ်။ နေဝင်းမောင်ကတော့ ဒီနေ့ မတက်ပါဘူးခင်ဗျ။ နအဖရဲ့ ဒီဖြစ်စေချင်တဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ
အသိအမှတ်ပြုဖို့အတွက် သူတို့ လာပြီး lobby လုပ်တဲ့ပွဲလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ အဲဒီအတွက်ကြောင့်
ကျွန်တော်တို့တွေကလည်းပဲ ကျွန်တော် ဒီမှာ ရှိတဲ့ မြန်မာ့အရေးကို လှုပ်ရှားနေတဲ့ အဖွဲ့ကလည်းပဲ ဒီ နဝတ
အလိုတော်ရိ ဒေါက်တိုင်တွေကို ကျွန်တော်တို့ ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြသလို ကျွန်တော်တို့ ဒီ FES Friedrich
Ebert Stiftung Foundation ကိုလည်းပဲ စစ်အစိုးရနဲ့ ပတ်သက်တာကို ပံ့ပိုးကူညီခြင်း မပြုဖို့အတွက် ကျွန်တော်တို့
လာ တောင်းဆိုခြင်း ဖြစ်တယ်။”

ဘာလင်မြို့ဆွေးနွေးပွဲမှာ စစ်အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲအတွင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ


မပါဝင်တော့တာကြောင့် ဘယ်သူတွေက NLD ပါတီနေရာမှာ ဝင်ရောက် အနိုင်ယူလာနိုင်သလဲ ဆိုတဲ့ ကိစ္စကို
အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဲဒီဆွေးနွေးပွဲဖြစ်အောင်စီစဉ်တဲ့ Friedrich Ebert Stiftung ဂျာမန် NGO အဖွဲ့ကတော့ စစ်အစိုးရနဲ့ နီးစပ်တဲ့
အဖွဲ့လို့ အဝေဖန်ခံနေရကြောင်း သိရပါတယ်။

Source:http://www.rfa.org/burmese/news/pro-election_seminar_held_in_germany-
09172010143659.html

ပါတီများဖျက်သိမ်းခံရမှု ကနေဒါအစိုးရ ကန့်ကွက်

2010-09-17

ကနေဒါအစိုးရက မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီ ဆယ်ပါတီကို


ဖျက်သိမ်းလိုက်တဲ့အတွက် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်
ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့လယ် တရားရုံးရှေ့တွင် သြဂုတ်လ ၁၅ ရက်နေ့က


မြန်မာ့ ဒီမိုကရေစီ အင်အားစု ၁၆ ဖွဲ့ စုဝေးကာ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေခြင်း
ဖြစ်ပါသည်။ Photo: 88 Generation Students (Overseas)

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Lawrence Cannon ပြောရာမှာ မြန်မာစစ်အစိုးရဟာ ဒီကရေစီ ပြုပြင်ပြောင်းလဲရေး


ကတိတွေ ပေးထားတာ ပျက်ကွက်မှုဟာ အလွန်ဆိုးဝါးကြောင်း၊ NLD အပါအဝင် တခြားနိုင်ငံရေးပါတီ ကိုးပါတီကို
ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီအခြေခံ အုတ်မြစ်ကို မျက်ကွယ်ပြုလိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ပြောတဲ့ ရွေးကောက်ပွဲဟာလည်း ဖိနှိပ်မှုတွေကြားထဲက


ကျင်းပမဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ကနေဒါအစိုးရအနေနဲ့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ရန်အတွက်


ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအင်အားစု
ပါတီတွေအပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ တွေ့ဆုံစကားပြောဖို့ကို ဆက်လက်တိုက်တွန်းကြောင်း ကနေဒါ
နိုင်ငံခြားရေးဝန်ကြီးက ကြေငြာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

Source:http://www.rfa.org/burmese/news/canada_denounces_party_dissolvings-
09172010153516.html

နာဂစ်ကူညီရေး ပစ္စည်းများပေးပြီး ဗိုလ်ချုပ် စိုးနိုင် မဲဆွယ်စည်းရုံးနေ


ဧရာဝတီတိုင်း၊ ဖျာပုံ မြို့နယ် မှာ နအဖ အစိုးရ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်ဟာ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကျေးရွာတွေမှာ စည်းရုံးရေး လုပ်ငန်းတွေ
ကွင်းဆင်း ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်၊
မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များကို ကူညီရန် အမေရိကန် ပြည်ထောင်စုမှ ပေးပို့သော ထောက်ပံ့ရေး
ပစ္စည်းများကို ထိုင်းနိုင်ငံ အူတာပေါင် ဘုရင့်ရေတပ် အခြေစိုက်စခန်း လေယာဉ်ကွင်းတွင် အမေရိကန် လေတပ် C-
130 လေယာဉ်ကြီးပေါ်သို့ တင်ဆောင်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)

အဲဒီလို စည်းရုံးရေး ဆင်းရာမှာ ကျေးရွာရှိ သက်ကြီးရွယ်အိုများကို နာဂစ်ဒုက္ခသည်တွေ အတွက် လျာထား


လှူဒါန်းထားတဲ့ ပစ္စည်းတွေ လက်ဆောင်ပေး စည်းရုံးနေတယ်လို့ ဖျာပုံ ခရိုင်က ဒေသခံ လယ်သမားကြီး တဦးက
ခုလို ပြောပြပါတယ်။

“ဝန်ကြီးလေ၊ ဟိုတယ်နဲ့ ခရီးသွားလေ၊ ဒီမှာ စည်းရုံးရေးတွေ ဆင်းပြီးတော့ ရပ်ကွက်တွေက ၇၀ နဲ့ အထက်တွေကို


နာဂစ်က လှူထားတဲ့ စောင်တွေနဲ့ ငွေ ၅,၀၀၀ စီ၊ အဲဒါ လှူတယ်၊ လှူပြီးတော့ စည်းရုံးရေး ဆင်းပြီးတော့ NGO
တွေက ပေးတဲ့ ပစ္စည်းတွေနဲ့ သူက မျက်နှာကောင်း ယူတာပေါ့ဗျာ။ သူက ဝင်ပြိုင်မှာပေါ့လေ၊ နာဂစ်တုန်းက သူက
ဒီမှာက နာဂစ် ဒီဒေသရဲ့ နယ်မြေမှူးပေါ့။ အစိုးရက သူ့ကို ဒီဖက် နယ်မြေချပေးလိုက်တော့လေ။”

ဗိုလ်ချုပ် စိုးနိုင်ဟာ နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည်တည်ဆောက်ရေး အတွက် ဖျာပုံခရိုင်မှာ တာဝန်


ပေးအပ်ခံခဲ့ရတာကြောင့် နယ်မြေခံ ကျေးလက်လူထု နဲ့ အကျွမ်းတဝင် ရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဖျာပုံမြို့နယ်မှာ နောက်ထပ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါက်တာ


ဒေါ်မြမြအုန်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး လောလောဆယ်အားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နှစ်ပါတီသာ တရားဝင် ကိုယ်စားလှယ်လောင်းတွေ ကြေညာထားတယ်လို့ သိရှိရပါတယ်။

Source:http://www.rfa.org/burmese/news/nargis_aids_used_in_election_campaign-
09172010161319.html

ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်


မြင့်မောင် | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၀၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ’ကြံ့ဖွံ့ကို မဲထည့်ရင် ပြည်သူတွေ ငတ်အုံးမှာပဲ’ စာသားပါသည့် စာရွက်များကို


စာတိုက်မှတဆင့် လုပ်ငန်းရှင်များ၊ ရုံးဌာနများသို့ ရန်ကုန်ရှိ မြေအောက်လှုပ်ရှားနေသည့်
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူကျောင်းသားလူငယ်များအဖွဲ့က ပို့ခဲ့ကြောင်း သိရသည်။
ဖုန်းစာအုပ်များရှိ လုပ်ငန်းရှင်များနှင့် အစိုးရရုံး လိပ်စာများကို ကူးယူကာ စာအိတ် ၁,၀၀၀ ကျော်ဖြင့်
အရင်အပတ်ကတည်းက ပို့ခဲ့ကြောင်း အဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

“ရွှေဝါရောင် လှုပ်ရှားမှုနဲ့ တိုက်ဆိုင်နေတဲ့အတွက် ကြံ့ဖွံ့ကို မဲပေးရင် သံဃာတွေကို သတ်အုံးမှာပဲ၊ ကြံ့ဖွံ့ကို


မဲထည့်ရင် ပြည်သူတွေ ငတ်အုံးမှာပဲ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ရင် ကျောင်းသားတွေ
ထောင်ထဲထည့်အုံးမှာပဲဆိုတဲ့ စာတမ်းပါတဲ့ ပို့စကတ်တွေကို စာအိတ်ထဲ ထည့်ပြီး ပို့တာပါ” ဟု လှုပ်ရှားမှုတွင်
ပါဝင်သည့် ကျောင်းသား တဦးက မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေလိုက နေပိုင်ခွင့်ရှိသည်ဆိုသည့်
ပြောဆိုချက်စာသားလည်း ပါရှိပြီး တိုင်းနှင့် ပြည်နယ်ရှိ လုပ်ငန်းရှင်များနှင့် အစိုးရရုံးဌာနများသို့ ပေးပို့ခဲ့သည်။

“၂၀၁၀မှာ ပြည်သူတွေအနေနဲ့ မဲမထည့်ဘဲ နေပိုင်ခွင့်ရှိတယ် ဆိုတဲ့ဟာကို သိစေချင်တယ်။ အစိုးရရဲ့


ဆက်သွယ်ရေး လမ်းကြောင်းကို အသုံးချပြီးတော့ လူမနာအောင် လုပ်တဲ့လုပ်နည်း ဖြစ်တယ်။ မြန်မာ
တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ အောက်ခြေ အလုပ်သမားတွေ၊ ၀န်ထမ်းတွေ လက်ထဲရောက်အောင်
ရည်ရွယ်ပြီးလုပ်တဲ့ သဘောပါ။ တခြား ပြည်တွင်းမှာ ရှိတဲ့ ရဲဘော်တွေအနေနဲ့ လူမနာတဲ့ နည်းတွေကို သုံးပြီး
လုပ်ကြဖို့ဆိုတာလည်း ပြောချင်တာပါ” ဟု လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တဦးက ပြောဆိုသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းမှတဆင့် မှာကြားခဲ့သည့်


“နိုင်ငံသားတိုင်း လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိသည်။ နိုင်ငံသားတိုင်းသည် မိမိ၏ ဆန္ဒအရ မဲမပေးဘဲ နေထိုင်ခွင့်
ရှိသည်။ အတင်းအကျပ် မဲထည့်ခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်’’ ဟူသော ပြောဆိုချက်ကို ၎
လက်မပတ်လည် စာရွက်များတွင် ရေးကာ အောက်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို
ဖော်ပြထားသည့် စာရွက်များကို ၎င်းအဖွဲ့ကပင် ရန်ကုန်တိုင်း ၁၁ မြို့နယ်တွင် ယခုလ ၁၂ ရက်က
ဖြန့်ခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ စာရွက်ငယ်များကို လက်ဝယ်တွေ့ရှိမှုဖြင့် ရွှေပြည်သာက ကိုခိုင်ဇော် နှင့်


မောင်အောင်သိန်းဇော်ကို ယနေ့ နေ့လည်ပိုင်းက ရပ်ကွပ်လူကြီးနှင့် ရဲအရာရှိများက ဖမ်းဆီးသွားကြာင်း
သိရသော်လည်း အသေးစိတ် အခြေအနေအနေနှင့် ဘယ်နေရာတွင်ထားမှန်း မသိရသေးကြောင်း မြို့ခံများက
ပြောဆိုကြသည်။

အလားတူ ယခုလ ၁၅ ရက် ညပိုင်းတွင် မြောက်ဥက္ကလာပမှ ကျောင်းသား ၅ ဦး အဖမ်းခံရကြောင်း


သိရသော်လည်း အသေးစိတ် အခြေအနေ မသိရသေးဟု ဆိုသည်။

မိမိဆန္ဒအရ မဲမပေးဘဲ နေခွင့်ရှိသည် စာသားများနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ စာရွက်ငယ်များကို


မြောက်ဥက္ကလာ ရွှေပေါက်ကံ ၁၈ ရက်ကွက် ဗိုလ်တေဇလမ်း၌ ဖြန့်ဝေခဲ့သေးသည်။ ယင်းကိစ္စနှင့် ဆက်စပ်ကာ
ဖမ်းဆီးဖွယ်ရှိကြောင်း ဒေသခံများက ထင်ကြေးပေးကြသည်။

ကျောင်းသားလူငယ်များအဖွဲ့ကို ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားများနှင့် တက်ကြွသောလူငယ်များ ပူးပေါင်း


ဖွဲ့စည်းခဲ့သည်။
Source:http://www.mizzimaburmese.com/news/2010-election/6087-2010-09-17-16-35-56.html

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသစာရင်း ရွေးကောက်ပွဲ ကော်မရှင်မှ


ထုတ်ပြန်
လာမည့် နိုဝင်္ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်အစိုးရမှ ကျင်းပ ပြုလုပ်မည့် ပါတီစုံ ရွေးကောက်ပွဲတွင်
တိုင်းရင်းသား နယ်မြေ တချို့၌ ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က
ထုတ်ပြန် ကြေငြာသည်။

အဆိုပါ ကြေငြာချက်ကို MR TV မှ ယမန်နေ့ညနေ ၈ နာရီသတင်းတွင် ယခုကဲ့သို့ ကြေငြာသည်။


“ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများမှာ ကချင်-ကယား-မွန်-ကရင်-ကယားပြည်အတွင်းမှ ဒေသတချို့နှင့်
ရှမ်းပြည်နယ် ပန်းဆိုးမြို့နယ် ၊နားဖန်၊ပန်ဝိုင်၊ မိုင်းမော၊ဟိုပန်၊ နမ်တစ်၊ နာဝီနှင့် မိုင်းခတ်ဒေသ များဖြစ်ကြပါတယ်။”

အဆိုပါဒေသများတွင် မည့်သည့်အကြောင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်မှ


ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း သက်ဆိုင်ရာ နယ်မြေ ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်
တပ်ဖွဲ့များနှင့် စစ်အစိုးရအကြား အဆင်မပြေမှုကြောင်း ဖြစ်သည်နိုင်သည်ဟု သုံးသပ် သူများက ပြောဆိုသည်။

တဘက်တွင်း နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရေး အတွက် စစ်အစိုးရဖိအားပေးမှုကို တိုင်းရင်းသား


လက်နက်ကိုင် တပ်ဖွဲ့များ ငြင်းဆန်ခဲ့ပြီးနောက် အဆိုပါ ဒေသများ အနီးတ၀ိုက်တွင် စစ်ရေး ပြင်ဆင်မှုများကို
စစ်အစိုးရမှ ပြုလုပ် လာကြောင်း သိရသည်။
Source:http://www.narinjara.com/detailsbur.asp?id=2741

ရပ်ကွက် ရယက ဥက္ကဌများ ကြံ့ဖွံ့ပါတီ ကိုယ်စားလောင်းများနှင့် အတူ


မဲဆွယ် စည်းရုံး
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရပ်ကွက် ရယက ဥက္ကဌများသည် ကြံ့ဖွံ့ ပါတီမှ အမတ်လောင်းများနှင့်
အတူတကွ သွားရောက် မဲဆွယ် စည်းရုံးမူများကို ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ အရပ်လူကြီး တစ်ဦးက “ ဦးလေးတို့ မြို့သူကြီးရပ်ကွက် ရယက ဥက္ကဌ


ဦးမောင်ကျော်အောင်ဟာ ကြံ့ဖွံ့ပါတီရဲ့ အစည်းအဝေး ဖိတ်စာတွေကို ရပ်ကွက် အတွင်းမှာရှိတဲ့ အိမ်တွေကို
အိမ်တိုင်းရာရောက် ဖြန့်ဝေပြီးတော့ တွေ့ဆုံ ဆွေးနွေးပွဲကို လာကြဖို့ သူကိုယ်တိုင် ဖိတ်ပါတယ်။ ပီးရင် ရပ်ကွက်
လူထုနဲ့ တွေ့ဆုံပွဲကို သူအိမ်မှာ လုပ်ပေးပါတယ်” ဟု ပြောသည်။

သြဂတ်စ်လ ၁၃ ရက်နေ့က ကြံ့ဖွံ့ ပါတီမှ အမတ်လောင်း ၄ ဦးသည် စစ်တွေ မြို့သူကြီး ရပ်ကွက်သို့


လာရောက်ပြီး လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို ရပ်ကွက် ဥက္ကဌမှ သူကိုယ်တိုင်
ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။

“ ဆွေးနွေးပွဲမှာ တက်ရောက်တာကတော့ ကြံ့ဖွံ့ ပါတီက အမတ်လောင်းတွေ ဖြစ်ကြတဲ့ ဒေါက်တာ စန်းရွှေ၊


ဒေါက်တာ ချမ်းငြိမ်း၊ အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ဇံလှနဲ့ ဦးကောင်းစံရွှီတို့ ဖြစ်ကြပါတယ်။ ရွာသား
သုံးဆယ်လောက်ဘဲ လာပါတယ်။ အဓိကတော့ ကြံ့ဖွံ့ ပါတီကို မဲပေးဖို့ စည်းရုံးတာ ပေါ့လေ။
ရွာသားတွေကလည်း မေးခွန်းတွေ မေးကြပါတယ်။ တချို့ မေးခွန်းတွေတော့ သူတို့လည်း မဖြေနိုင်ပါဘူး” ဟု
သူက ပြောသည်။

ဆွေးနွေးပွဲကို ညနေ ၇ နာရီမှ စတင်ပြီး ၁၀ နာရီတွင် အဆုံးသတ်ခဲ့ကြသည်ဟု သိရသည်။

ယခုကဲ့သို့ မဲဆွယ်စည်းရုံးမူကို မြို့သူကြီး ရပ်ကွက် တခုတည်းတွင် မဟုတ်ဘဲ တခြား ရပ်ကွက် များတွင်လည်း


ရယက ဥက္ကဌများက ကြံ့ဖွံ့ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ပြုလုပ် နေကြောင်း သိရသည်။

ယခုကဲ့သို့ သက်ဆိုင်ရာ အစိုးရပိုင်းမှ တာဝန်ရှိသူများ အနေဖြင့် ကြံ့ဖွံ့ ပါတီ အနိုင်ရရေး အတွက် ရွေးကောက်ပွဲ
ဥပဒေကို ချိုးဖေါက်ကာ မဲဆွယ် စည်းရုံးမူများ ပြုလုပ်နေမူကြောင့် တခြား စစ်တွေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်
ပါတီများ အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်တန်းရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။
Source:http://www.narinjara.com/detailsbur.asp?id=2739

ကချင် ၁၄ ဦး ရွေးကောက်ပွဲ မဝင်နိုင်


ဖနိဒါ | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၈ မိနစ်

ချင်းမိုင် (မဇ္စျိမ)။ ။ ပါတီထောင်ခွင့်မရ၍ တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း


ဒေါက်တာတူးဂျာ အပါအဝင် ကချင်ခေါင်းဆောင် ၁၄ ဦးကို ရွေးကောက်ပွဲ ကော်မရှင်က ဝင်ပြိုင်ခွင့်
ပိတ်ပင်လိုက်သည်။

စုံစမ်းစစ်ဆေးမှုမပြုဘဲ အပစ်ခတ်ရပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ဆက်သွယ်သည်ဟု ဆိုကာ


ကချင်ပြည်နယ် တိုးတက်ရေးပါတီ (ကေအက်စ်ပီပီ) ကို ပါတီအဖြစ် ကော်မရှင်က မှတ်ပုံတင်ခွင့် မပြုဘဲ
ထားရှိသဖြင့် တသီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်ရန် ကချင်ခေါင်းဆောင် ၁၄ ဦးက ရွေးချယ်ခဲ့သည်။ သို့သော်
အကြောင်းပြချက်မရှိဘဲ ပယ်ချခံလိုက်ရခြင်း ဖြစ်သည်။

“ကျနော်တို့ တသီးပုဂ္ဂလလို လျှောက်ထားတာ ပယ်ချလိုက်တယ်။ ဘာအကြောင်းပြချက်မှ မပေးဘူး။


ခရိုင်ကော်မရှင်ရုံးမှာ ရွေးကောက်ပွဲဝင်မယ့် စာရင်းထွက်လာတယ်လေ။ ကျနော်တို့နာမည်တွေ မပါဘူး‫ ״‬ဟု
ကာယကံရှင်တဦးဖြစ်သူ ဦးတူးရော်က မဇ္စျိမကို ပြောသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင်သည် တရားမျှတမှု မရှိကြောင်း သူက ဝေဖန်လိုက်သည်။

ကချင်ပြည်နယ်မှ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ယူဒီပီကေအက်စ်) မှ ကိုယ်စားလှယ်လောင်း ၉


ဦးကိုမူ ကော်မရှင်က လက်ခံကြောင်း ပါတီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောသည်။

ယင်းပါတီမှ အမျိုးသားလွှတ်တော်အတွက် ၃ ဦး၊ ပြည်သူ့လွှတ်တော် ၂ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၄ ဦး တို့


ဝင်ပြိုင်မှာဖြစ်သည်။

ဦးခက်ထိန်နန်နှင့် ဦးဖောင်လားဂမ်ဖန်တို့မှာ စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်ဟောင်းများ ဖြစ်ကြသည်။

မဲဆန္ဒနယ် ၁၈ နေရာရှိသည့် ကချင်ပြည်နယ်တွင် ကြံ့ဖွံ့က မြစ်ကြီးနား မဲဆန္ဒနယ်မှလွဲ၍ နေရာတိုင်းတွင်


လွှတ်တော် ၃ ရပ်လုံးအတွက် ဝင်ပြိုင်မည်။

ထို့ကြောင့် မြစ်ကြီးနားတွင် ဦးခက်ထိန်နန်၏ အဓိက ယှဉ်ပြိုင်ဘက်မှာ တသီးပုဂ္ဂလ အမတ်လောင်း လီဆူလူမျိုး


ဦးလာမာသား ဖြစ်လာသည်။

ယူဒီပီကေအက်စ်သည် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ မိုးကောင်း၊ မိုးညှင်း၊ အင်ဂျန်းယန်


စသည့်မြို့များတွင် ဖွင့်လှစ်ထားသည်။

UDPKS အမတ်လောင်းများ ဝင်ပြိုင်မည့်ဒေသ

ရာထူး အမည် လွတ်တော် မဲဆန္ဒနယ်


ဥက္ကဋ္ဌ ဦးခက်ထိန်နန် အမျိုးသားလွှတ်တော် မြစ်ကြီးနား
အတွင်းရေးမှူး ဦးဖောင်လားဂမ်ဖန် အမျိုးသားလွှတ်တော် မိုးမောက်
ဗဟိုကော်မတီဝင် ဒေါ်ရှဒေါင် ခေါန်တောင် အမျိုးသားလွှတ်တော် တနိုင်း
ဗဟိုကော်မတီဝင် ဒေါ်အင်ဘရန် ဒွဲဘူ ပြည်သူ့လွှတ်တော် အင်ဂျန်းယန်
ဗဟိုကော်မတီဝင် ဦးအလေးပါး ပြည်နယ်လွှတ်တော် အင်ဂျန်းယန်
ဗဟိုကော်မတီဝင် ဦးရှရော်ပေါလု ပြည်သူ့လွှတ်တော် ဝိုင်းမော်
ဗဟိုကော်မတီဝင် ဦးယိမ်းဆော် ပြည်နယ်လွှတ်တော် ချီဖွေ
ဒုဥက္ကဋ္ဌ (၂) ဦးစိုင်းအေးကျော် ပြည်နယ်လွှတ်တော် ရှမ်းမျိုးနွယ်စု
ဒုဥက္ကဋ္ဌ (၁) ဦးခင်မောင်လှ ပြည်နယ်လွှတ်တော် ဗမာ

Source:http://www.mizzimaburmese.com/news/2010-election/6068-2010-09-16-11-40-33.html

နယ်စပ် တိုင်းရင်းသားများ မဲပေးခွင့်ဆုံးရှုံး

ဓာတ်ပုံ ASSOCIATED PRESS

အခုလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း နယ်စပ်က ကျေးရွာတွေ


အတော်များများမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။
လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ အခြေအနေ မရှိဘူးဆိုပြီး ကော်မရှင်က ကြေညာလိုက်တဲ့
မြို့နယ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နယ်မြေအများစု ဖြစ်နေပါတယ်။

ရွေးကောက်ပွဲမဖြစ်ဘူးလို့ ကြေညာတဲ့စာရင်းမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့


ဝအထူးဒေသ မြို့နယ်တွေက ကျေးရွာတွေ အတော်များများ ပါဝင်ပါတယ်။ အခုလို လုပ်ရပ်ဟာ စစ်အစိုးရကို
လက်မခံတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ မဲပေးခွင့် အခွင့်အလမ်းကို ဟန့်တားလိုက်တာပဲလို့ လူ့အခွင့်အရေးအဖွဲ့
တခုဖြစ်တဲ့ Alternative ASEAN က Debbie Stothardt က ဝေဖန်ပါတယ်။

“ဒါဟာ အတော့်ကို ဆိုးဆိုးရွားရွား လက္ခဏာပါပဲ။ ဒီရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်


အခြေအနေကောင်းတွေ ဖန်တီးဖို့ ကြိုးစားတာထက် မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေရဲ့ အဓိက အရင်းအမြစ်
ပြဿနာကို ပိုပြီး တင်းမာလာအောင် လုပ်သလို ဖြစ်နေပါတယ်။” - လို့ ပြောသွားတာပါ။

အခု ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်တွေကို စက်တင်ဘာ ၁ ရက်


နောက်ဆုံး ထားပြီး စစ်အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ စစ်အစိုးရက
ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖွဲ့ အတော်များများက လက်မခံခဲ့ကြပါဘူး။ ဒါကြောင့်လဲ
အဲဒီနေရာတွေမှာ စစ်အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေအကြား တင်းမာမှုတွေက ရှိနေတာပါ။

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေက မြို့နယ် ၃၂ မြို့နယ်က ကျေးရွာအများစုမှာ ရွေးကောက်ပွဲတွေ


ကျင်းပပေးမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ကြေညာလိုက်ပါတယ်။ အဲဒီဒေသတွေမှာ
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေအနေ မရှိတာကြောင့်လို့လည်း အကြောင်းပြပါတယ်။ အဲဒီအထဲမှာ
ကချင်ပြည်နယ်က မြို့နယ် ၁၈ မြို့နယ်ရှိတဲ့အထဲက ၉ မြို့နယ် ပါဝင်ပါတယ်။ တကယ်တော့ ကချင်ပြည်နယ်တွင်း
တိုင်းရင်းသား လက်နက်ကိုင် အားလုံးဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရယူ
ထားတာဖြစ်ပါတယ်။ အခုလို နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာရဲ့ နောက်ကွယ် အခြေအနေတွေ
ဘယ်လိုရှိတာကြောင့်ပါလဲ၊ အပြည့်စုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မနူးပန်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေနေမရှိတဲ့အတွက်


ရွေးကောက်ပွဲ မကျင်းပမယ့် အထဲမှာ ကချင်ပြည်နယ်မြို့နယ် ၉ ခုက ကျေးရွာ အုပ်စုပေါင်း ၆၈ ခု ပါဝင်ပါတယ်။

အခု ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခွင့်မရခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အတွင်းရေးမှူး ဦးတူးရော်


က ဒီနယ်မြေတွေဟာ ဘယ်လိုနယ်မြေတွေလဲ ဆိုတာ ခုလိုပြောပါတယ်။

“အဲဒီနေရာတွေက အခု ကချင်ပြည်နယ်အတွင်းမှာ သူတို့ သတ်မှတ်လိုက်တဲ့ နယ်မြေတွေက ကေအိုင်အို


ထိန်းချုပ်လိုက်တဲ့ နယ်မြေတွေမှာ များပါတယ်။ အဲဒီဘက်မှာ အများအားဖြင့်က ကချင်လူမျိုးတွေပဲ
နေထိုင်တဲ့နေရာတွေ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ မဲယှဉ်လာတဲ့အခါမှာလည်း အဲဒီဘက်ကမှာကတော့ သူတို့နိုင်ဖို့
မသေချာဘူး။ အစိုးရဘက်ကနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေ သူတို့တင်ထားတဲ့သူတွေ အနိုင်ရရှိခြင်းကို အဓိက ထားပြီးတော့
အဲဒီလိုလုပ်တာဖြစ်မယ်။ သူတို့အနေနဲ့ လုပ်ချင်သလိုလုပ်တဲ့ သဘောပါပဲ။ ကျွန်တော် အဲလိုပဲ နားလည်တယ်။”

ဒါပေမဲ့ ဒီနယ်မြေတွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ လုပ်စဉ်က မဲပုံးထောင်ခဲ့တဲ့


နယ်မြေတွေဖြစ်ပါတယ်။

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်တာဝန်ခံ ဦးအောင်ဝါ ကတော့ -

“ဖြစ်နိုင်တာကတော့ အဲဒီနေရာမှာ ရှုံးဖို့ များပါတယ်။ ကေအိုင်အိုနေရာ ဖြစ်ဖြစ် တခြားနေရာဖြစ်ဖြစ် ဒီလက်ရှိ


အစိုးရကို မကြိုက်တာတော့ အမှန်ပဲ။ ဒါကြောင့်မို့ ဆန့်ကျင်ပြီးတော့မှ လွတ်လွတ်လပ်လပ် မဲပေးဖို့၊ အဲဒီဒေသမှာတွေ
ပိုပြီး အခွင့်အရေး ရှိတယ်၊ ဒါကြောင့်မို့ အဲဒီဟာတွေလည်း သူတို့ စိုးရိမ်ပုံရတယ်။ ဒါကြောင့်မို့ ဒီတဝိုက်ကို
မဲမထည့်ရဆိုပြီး သတ်မှတ်ထားတဲ့ ပုံစံလည်း ဖြစ်ပါတယ်။”

အခုလိုမကြေညာခင် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ အပစ်ရပ် လက်နက်ကိုင်


အဖွဲ့အစည်းဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ထပ်မံ
ဖိအားပေးခဲ့တာကို ကေအိုင်အိုက ငြင်းဆိုခဲ့ပါတယ်။

အဲဒီအခြေနေတွေမူတည်ပြီး နယ်မြေလုံခြုံရေးကို အကြောင်းပြချက်အနေနဲ့ ရွေးကောက်ပွဲတွေ မလုပ်ဖို့


ကြေညာခဲ့တာ ဖြစ်နိုင်တယ်လို့ ဦးအောင်ဝါက ပြောပါတယ်။

“အဓိကကတော့ ခုရက်ပိုင်းမှာ ကေအိုင်အိုနဲ့ သူတို့ဆွေးနွေးတဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ကေအိုင်အိုနဲ့


ဆွေးနွေးတဲ့ နေရာမှာ အဆင်မပြေမှုတွေ ဖြစ်သွားတယ်။ အဲဒီဟာက အကြောင်းတစ်ကြောင်း ဖြစ်ပါလိမ့်မယ်။
နောက်တစ်ခုကတော့ ဒီနေရာက သူတို့အတွက် ရှုံးနိုင် တယ်လို့ ယူဆရပုံရတယ်။ ဒါကြောင့်မို့ ဒီနေရာမှာ
မဲမထည့်ရဆိုပြီး ကန့်သတ်ထားတာမျိုး ဖြစ်ပါလိမ့်မယ်။”

ရွေးကောက်ပွဲ မကျင်းပမယ့် ကျေးရွာအုပ်စုတွေပါဝင်တဲ့ မြို့နယ်တွေကတော့ ၀ိုင်းမော်၊ အင်ဂျန်းယန်၊ ဆော့လော်၊


ချီဖွေ၊ တနှိုင်း၊ ဆွမ်ပရာဘွမ်၊ မန်စီ၊ မိုးမောက်၊ ရွှေကူမြို့နယ်တွေမှာ ဖြစ်ကြပါတယ်။

Source:http://www.voanews.com/burmese/news/Burma-ethnic-vote-09-17-10-103137169.html

၂ နှစ်တာ သက်တမ်းအတွင်း CRPP ၏ လုပ်ဆောင်ချက်များ


CRPP လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်က
စတင်ဖွဲ့စည်းလာခဲ့တာ အဆိုရင် ၁၂ နှစ်တာကာလ ရှိခဲ့ပါပြီ။
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့်
မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ရှေ့တန်း၊ ဝဲမှယာ) ဦးလွင်၊ ဦးအေးသာအောင်၊ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊
ဦးတင်ဦး၊ (နောက်တန်း၊ ဝဲမှယာ) ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဒေါ်အောင်ဆန်းစုကြည်။
(Photo:Courtesy of NCGUB)

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို စစ်အစိုးရက ပြည်သူ့လွှတ်တော်


ခေါ်ယူပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် မိမိတို့ဖာသာ လွှတ်တော်ခေါ်ယူဖို့ NLD ပါတီက ကြိုစားခဲ့ပေမဲ့ လွှတ်တော်
ကိုယ်စားလှယ်တွေကို စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်း ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်လာရေး ဆောင်ရွက်ဖို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ


အပါအဝင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၅၁ ဦးက လက်မှတ်ရေးထိုးပြီး CRPP လို့ခေါ်တဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်၊

ဒီ ၁၂ နှစ်တာ ကာလအတွင်း CRPP အဖွဲ့အနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ ဘာတွေ ဆက်လက်


ကြိုးပမ်းသွားဖို့ ရှိတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး CRPP အတွင်းရေးမှူး ဦးအေးသာအောင်ကို RFA ဝိုင်းတော်သား
ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/crpp_12_year_archievement-09172010154720.html

လွတ်တော် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီ


ကိုယ်စားလှယ်လောင်း စာရင်း
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀ ခုနှစ် ၀၅ နာရီ ၀၁ မိနစ်

နိုင်ငံတစ်ဝှမ်း မဲဆန္ဒ နယ်မြေပေါင်း

ပြည်သူ့ လွတ်တော် အမျိုးသား လွတ်တော် တိုင်းဒေသကြီး လွတ်တော် (သိ)ု့ ပြည်နယ် လွတ်တော် စုစုပေါင်း
မဲဆန္ဒနယ် မဲဆန္ဒနယ် မဲဆန္ဒနယ်
၃၃၀ ၁၆၈ ၆၃၆ ၁၁၆၃

ပါတီအလိုက် ကိုယ်စားလှယ်လောင်းစာရင်း
စဉ် ပါတီအမည် ပြည်သူ့ အမျိုးသား တိုင်း (သိ)ု့ စုစုပေါင်း မှတ်ချက်
လွတ်တော် လွတ်တော် ပြည်နယ်
လွတ်တော်
၁ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၃၃၀ ၁၆၈ ၆၃၆ ၁၁၃၄
၂ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ၂၉၄ ၁၄၉ ၅၃၇ ၉၈၀
၃ အမျိုးသား ဒီမိုကရေစီ အင်အားစု ၁၀၈ ၃၅ ၂၁ ၁၆၄
၎ အင်းအမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီ ၁ ၁ ၂ ၎
၅ ဝံသာနု NLD ၄ ၎
၆ ကရင်ပြည်သူ့ပါတီ ၈ ၅ ၂၅ ၃၈
၇ ပြည်ထောင်စု ဒီမိုကရေစီပါတီ ၂ ၁ ၃
၈ ခေတ်သစ်ပြည်သူ့ပါတီ ၇ ၄ ၁၉ ၃၀
၉ စည်းလုံးညီညွှတ်ရေး ပါတီ ၂ ၃ ၂ ၇
၁၀ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၂၃ ၁၀ ၁၇ ၅၀
၁၁ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ၄၅ ၁၅ ၉၆ ၁၅၆
၁၂ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ၃ ၂ ၂ ၇
၁၃ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၁၂ ၈ ၂၃ ၄၃
၁၄ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ၈ ၉ ၁၅ ၃၂
၁၅ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ ၈ ၁ ၉
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်
၁၆ ၆ ၇ ၁၂ ၂၅
ပါတီ
၈၈ မျိုးဆက် ကျောင်းသား လူငယ်များ
၁၇ ၂၃ ၁၁ ၄ ၃၈
ပြည်ထောင်စုမြန်မာ
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး
၁၈ ၃၀ ၁၁ ၁၀ ၅၁
အဖွဲ့ချုပ်
၁၉ ကမန် အမျိုးသား တိုးတက်ရေး ပါတီ ၂ ၁ ၃ ၆
၂၀ ချင်းတိုးတက်ရေး ပါတီ ၉ ၁၂ ၁၈ ၃၉
၂၁ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်

မှတ်ချက်။ ။ ပါတီအလိုက် ကိုယ်စားလှယ်လောင်းများစာရင်း ကြည့်ရှုလိုလျှင် ပါတီအမည်ကို နှိပ်ပါ။

Source:http://www.mizzimaburmese.com/election2010/party-profile/6039-2010-09-15-07-27-
22.html

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် စစ်အစိုးရ ဆက်ဆံရေးတင်းမာ

2010-09-17

တရုတ်-မြန်မာနယ်စပ်ဒေသမှာ အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နဲ့ မြန်မာစစ်အစိုးရ


တပ်တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဖက် အခြေအနေ တင်းမာနေတယ်လို့
သျှမ်းသံတော်ဆင့်မှာ စက်တင်ဘာ ၁၆ ရက် မနေ့က ဖော်ပြခဲ့ပါတယ်။
စစ်အစိုးရအား တိုက်ခိုက်နေသည့် SSA ရမြ်းလက်နက်ကိုင် တပ်သားမားကို စက်သေနတ် လက်နက်ဋ္ဌကီးမူားဖင့်
အသင့်အနေအထား တေရြပုံဖစ်ပသည်။ (Photo: AFP)

ပီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁)က


စစ်ကြောင်းတကြောင်းနဲ့ စစ်အစိုးရ နယ်မြေစိုးမိုးရေး စစ်ကြောင်းတခုအကြား သီပေါမြို့နယ်အတွင်းက SSA
မြောက်ပိုင်း စခန်းအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ ၁ ကို သူတို့
အခြေစိုက်တဲ့ နယ်မြေတွေကို စစ်အစိုးရက ကန့်သတ်လာတဲ့အတွက် နှစ်ဖက်တင်းမာလာပြီး တိုက်ပွဲ
စတင်ဖြစ်ခဲ့တာလို့ ရှမ်းသံတော်ဆင့် သတင်းစဉ်က ဦးခွန်ဆိုင်းက ပြောပါတယ်။

“စဖြစ်တာကတော့ ပြီးခဲ့တဲ့လတုန်းက နအဖကနေ တပ်မဟာ (၁) ကို ညွှန်ကြားချက် ထုတ်တယ်ပေါ့ဗျာ။


ခင်ဗျားတို့ ပြည်သူ့စစ် မလုပ်ဖူးပေါ့ဗျာ။ သူတို့က BGF မဟုတ်ဖူး၊ အဲဒီဖက်က။ BGF က သူက နယ်စပ်မှာ
နေရတာပေါ့။ သူက နယ်စပ်မှာ နေပဲ။ ပြည်သူ့စစ် ဖြစ်တယ်။ ပြည်သူ့စစ်အဆင့်ကို ခင်ဗျား လက်မခံဘူး ဆိုလို့ရှိရင်
ခင်ဗျားတို့ တပ်တွေဟာ တန့်ယန်းနဲ့ မုန်းယိုင် ကားလမ်းတောင်ဖက်မှာပဲ နေပါ။ ဒီ မြောက်ဖက်ပိုင်း မတိုးလာပါနဲ့။
အဲဒါမျိုး ပြောတယ် နော်။ ဟုတ်ကဲ့၊ ဒီလိုမျိုး ပြောပြီးတဲ့ နောက်ပိုင်းမှာ ဘာဖြစ်လဲဆိုတော့ ပြည်သူ့စစ်ကို ဖြစ်ဖို့
လက်ခံထားတဲ့ တပ်တွေကလည်း တော်တော်များများက တပ်သားတွေပေါ့ဗျာ၊ သူတို့ကလည်း တပ်မဟာ (၁) ထဲ
ဝင်လာကြတယ်။ နောက်ပြီးတော့ တပ်မဟာ (၁) ကလည်း ဒီနယ်မြေတွေဟာ ကျွန်တော်တို့ SSA (မြောက်ပိုင်း)
က လှုပ်ရှားတဲ့ နယ်မြေတွေ အကုန်လုံးပဲ ဆိုပြီးတော့မှ သူတို့ကလည်း ထပ်လည်း လှုပ်ရှားတာပေါ့၊ ဒီလို
ဆက်လက် လှုပ်ရှားရင်းနဲ့ ၁၄ ရက်နေ့ကျတော့ သူတို့ ဆိုင်မိကြပြီးတော့မှ တိုက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။”

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ဟာ တပ်မဟာ ၁၊ တပ်မဟာ ၃၊ နဲ့တပ်မဟာ ၇ ဆိုပြီး တပ်မဟာ ၃ ခု ရှိပါတယ်။


အဲဒီအထဲက တပ်မဟာ ၃ နဲ့ ၇ ဟာ ပြည်သူ့စစ်ဖွဲ့ဖို့ သဘောတူထားပြီး ဖြစ်ပေမဲ့ တပ်မဟာ (၁) ကတော့
ပြည်သူ့စစ်ဖွဲ့ဖို့ကို လက်မခံပဲ ငြင်းဆန်ထားပါတယ်။

အခုလို တင်းမာလာတာဟာ အရှေ့မြောက်တိုင်းမှူးအဖြစ် တာဝန်ယူထားတဲ့ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်


အောင်ကျော်ဇော ရောက်လာပြီးမှ နှစ်ဖက် ဆက်ဆံရေး ပိုဆိုးလာနေတာလို့လည်း ဦးခွန်ဆိုင်းက ပြောပါတယ်။
အရှေ့မြောက်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောဟာ အရင်က ပန်ဆန်းဒေသမှာ ရှိတဲ့ တပ်မ ၃၃ တပ်မမှူးအဖြစ်
တာဝန်ယူခဲ့ပြီး တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူ ဖြစ်ပါတယ်။

Source:http://www.rfa.org/burmese/news/tension_rising_between_regime_and_shan_troops-
09172010152425.html

မြန်မာနှင့် တရုတ်၊ အမေရိကန် ဆက်ဆံရေး ပညာရှင်များ ဆွေးနွေး


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်မှာ မြန်မာနိုင်ငံဆိုင်ရာ
ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်၊
တရုတ်သမတ ဟူဂျင်တောင် (အလယ်-ဝဲ)နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်-
ယာ) တို့ကို စက်တင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော
ကြိုဆိုပွဲ အခမ်းအနားတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အဓိက ဟောပြောဆွေးနွေးတဲ့ ပညာရှင်ကတော့ အမေရိကန်တက္ကသိုလ် အာရှလေ့လာရေးဌာနက


ညွှန်ကြားရေးမှူး ဒေါက်တာ ကွမ်ရှန် ကျောက် (Quansheng Zhao) ဖြစ်ပြီး ၊ အကြောင်းအရာကတော့ မြန်မာ၊
တရုတ်၊ အမေရိကန် ဆက်ဆံရေး ဖြစ်ပါတယ်၊၊

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြိး တရုတ်က ဘယ်လို အကျိုးစီးပွားတွေ ကြည့်ပြီး ဆက်ဆံပါသလဲ။ အမေရိကန်ကရော


မြန်မာနဲ့ ဘယ်လို အကျိုးစီးပွားတွေနဲ့ ဘယ်လို ဆက်ဆံနေပါသလဲ စတဲ့ မေးခွန်းတွေနဲ့ ပတ်သက်တဲ့
အချက်အလက်တွေကို ဆွေးနွေးသွားပါတယ်။

နောက်ဆုံးတချက်အနေနဲ့ မြန်မာကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်အကြား ပဋိပက္ခ အသွင်နဲ့


ရှင်းရမှာလား ပူးပေါင်း ဆောင်ရွက်မှု ဖြစ်လာမလားဆိုတဲ့ အချက်ဖြစ်ပါတယ်လို့ ဆွေးနွေးမဲ့ အကြောင်းအရာ
အကျဉ်းချုပ်ကို ပြောပြသွားခဲ့ပါတယ်၊ တရုတ်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးမှာ၊ စီးပွားရေး အကျိုးစီးပွားနဲ့
တရုတ်မြန်မာနယ်စပ်က မြန်မာနိုင်ငံဖက်ခြမ်းမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေ အရေးတွေနဲ့ ဆက်စပ်နေတယ်လို့
ပါမောက္ခ ဒေါက်တာ ကွမ်ရှန် ကျောက် Quansheng Zhao က ပြောဆိုခဲ့ပါတယ်၊

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ ဒီရွေးကောက်ပွဲ ဖြစ်ခဲ့ရင် အမေရိကန်နဲ့


အနောက်တိုင်းနိုင်ငံတွေက ပြစ်တင် ဝေဖန်ပြီး တရုတ်ကတော့ လက်ခံမှာ ဖြစ်ကြောင်း၊ အာဆီယံကတော့
လက်မခံနိုင်ပေမဲ့လည်း ကန့်ကွက်တာမျိုး မလုပ်ပဲ ငြိမ်နေလိုက်တာမျိုးပဲ ဖြစ်လာနိုင်ကြောင်း ပြောပါတယ်၊

ဒီဆွေးနွေးပွဲ အကြောင်းနဲ့ပတ်သက်ပြီး တက်ရောက် သတင်းယူခဲ့တဲ့ RFA အဖွဲ့သား ကိုဇော်မိုးကျော်က


တင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/seminar_for_china-burma-us_relations-
09172010124417.html

မြန်မာ့အရေး အမေရိကန်စိတ်ပျက်သော်လည်း လက်ရှိမူဝါဒ မပြောင်းလဲ

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ရပေမဲ့ မိမိတို့ရဲ့ လက်ရှိ မူဝါဒအတိုင်း


ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ကြောင်း အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ
ကတ် ကင်းဘဲလ်က ပြောကြားလိုက်ပါတယ်။

အမေရိကန် ငြိမ်းချမ်းရေးအသင်း စည်းဝေးပွဲတခုမှာ စက်တင်ဘာ ၁၆ ရက် မနေ့က ပြောကြားခဲ့တာပါ။ အခုထိ


မိမိတို့ တွေ့မြင်နေရတာတွေအရ နိုဝင်ဘာ ရွေးကောက်ပွဲဟာ နိုင်ငံတကာက တရားဝင် လက်ခံနိုင်မဲ့
ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာ
ရွေးချယ်ရ ခက်ခဲနေပေမဲ့ ထိတွေ့ ဆက်ဆံရေးနည်းလမ်းကသာ အကောင်းဆုံးဖြစ်ပါတယ်လို့ မစ္စတာ ကင်းဘဲလ်
က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ်


ကင်းဘဲလ်။ (Photo: AFP)

ရွေးကောက်ပွဲအပြီး မြန်မာပြည်မှာ လူသစ်တွေ၊ ပုံစံအသစ်တွေ၊ လုပ်ပိုင်ခွင့်အာဏာ ကူးလူးဆက်ဆံမှု အသစ်တွေ


ပေါ်ပေါက်လာနိုင်ပါတယ်၊ ဖြစ်ပေါ်လာမဲ့အနေအထားတွေကို စောင့်ကြည့်ဖို့ လိုပါတယ်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး
တိုးတက်မှုတွေအပေါ် မူတည်ပြီး ဆုပေး ဒဏ်ပေးစနစ်ကို တပြိုင်နက် ကျင့်သုံးဖို့ အဆင်သင့်ပါပဲလို့လည်း မစ္စတာ
ကတ် ကင်းဘဲလ်က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့


မြန်မာစစ်အစိုးရကို ဖျောင်းဖျရေး၊ မြောက်ကိုရီးယားနဲ့ နျူကလီယား ဆက်ဆံရေး အခြေအနေကို ရှင်းရှင်း
လင်းလင်း သိရှိရေးတွေအပေါ် အဓိကထားခဲ့ပါတယ်။ ဒါပေမဲ့စစ်အစိုးရက ဘာမှ လိုက်လျောပဲ နိုဝင်ဘာ
ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

Source:http://www.rfa.org/burmese/news/united_states_keeps_current_policy_on_burma-
09172010092613.html

ဗိုလ်ချုပ်ကြီးများ မြို့သစ်တို့မှ ၀င်ရောက် အရွေးခံမည်


မျိုးဝင်းဇော် / ၁၇ စက်တင်ဘာ ၂၀၁၀

ရွေးကောက်ပွဲဝင်ရန်အတွက် မကြာသေးမီကမှ အငြိမ်းစားပေးခြင်းခံရသည့် ထိပ်တန်းဗိုလ်ချုပ်ကြီးများသည်


နေပြည်တော်ရှိ လူနေထိုင်ခြင်း မရှိသေးသော မြို့သစ်များမှ ဝင်ရောက် အရွေးချယ်ခံကြမည်ဖြစ်ပြီး အလွယ်တကူ
လွှတ်တော်အမတ် ဖြစ်သွားလိမ့်မည်ဟု နေပြည်တော် ပျဉ်းမနားမြို့ခံများက ဝေဖန်ပြောဆိုနေကြသည်။

မြို့နယ်အသီးသီးတွင် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် အမတ်လောင်းများအဖြစ် ၀င်ပြိုင်ကြမည့်သူများမှာ


ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း (ဇေယျာသီရိမြို့နယ်)၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး
(ပုဗ္ဗသီရိ မြို့နယ်)၊ ဦးသိန်းစိန် (ဇဗ္ဗူသီရိ မြို့နယ်)၊ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင် (ဒက္ခိဏသီရိ မြို့နယ်)၊
ဗိုလ်မှူးချုပ်ဟောင်း ကျော်စွာခိုင် (ဥတ္တရသီရိမြို့နယ်) တို့ဖြစ်ကြောင်း နေပြည်တော်ခရိုင်
ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွားကြည့်ခဲ့သည့် ပျဉ်းမနားမြို့မှ ဂျာနယ်
သတင်းထောက်တဦးက ပြောကြားသည်။

၎င်းက “အဲဒီ မြို့သစ်တွေမှာ ဝန်ထမ်းတွေပဲ နည်းနည်းပါးပါး နေတယ်။ နောက် ပြိုင်ဘက် တယောက်စီဟာလည်း


တစညက မထင်မရှားလူတွေဆိုတော့ ကြိုတင်မဲနဲ့ ဖြစ်စေ၊ အခြားနည်းနာတွေ သုံးပြီးဖြစ်စေ၊
ဒီဗိုလ်ချုပ်ကြီးဟောင်းတွေ အားလုံး အလွယ်တကူ လွှတ်တော်အမတ်တွေ ဖြစ်လာကြလိမ့်မယ်။ တစည
ပါတီဆိုတာကလည်း လက်ရှိ စစ်အာဏာရှင်တွေ ဖြစ်ချင်တာကို အကောင်အထည် ဖော်ပေးနေရတဲ့ပါတီ၊
ဗိုလ်ချုပ်ကြီးတွေ အားလုံး ပြိုင်ဘက်မရှိ အနိုင်ရတယ် ဆိုတာမျိုး မဖြစ်ချင်လို့ ခုလို စီစဉ်ပုံရတယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ နိုင်ငံရေးသတင်းအယ်ဒီတာ တဦးက ယခု ရွေးကောက်ပွဲတွင် အာဏာရ အစိုးရအဖွဲ့ဝင်များအနေဖြင့်


ဦးသိန်းစိန်တို့ ဝန်ကြီးအဖွဲ့ စစ်ယူနီဖောင်းချွတ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်းက အကြောင်းမရှိသော်လည်း ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ အသွင်ကူးပြောင်းရေးကို တာဝန်ယူထားသည့် လက်ရှိ နအဖ အဖွဲ့ဝင်များဖြစ်သည့်
ဗိုလ်ချုပ်ကြီးဟောင်း ဦးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသီဟသူရ တင်အောင်မြင်ဦးတို့ ဝင်ပြိုင်ခြင်းမှာမူ
ဥပဒေနှင့် ညီညွတ်သည်ဟု မထင်ကြောင်း ပြောသည်။

၎င်းက “ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို အသေအချာ ထိခိုက်မှာ ဖြစ်တယ်။ ဒီလို လူနေထိုင်ခြင်း မရှိတဲ့


ဝန်ထမ်းအနည်းငယ်ပဲ နေတဲ့ မြို့သစ်တွေကို မဲဆန္ဒနယ်မြေတခုစီ သတ်မှတ်ထားတာလည်း သင့်လျော်မှု မရှိဘူး”
ဟု ရှင်းပြသည်။

“အခု ကြံ့ဖွံ့ဟာ သူ့ပါတီကိုယ်စား ရွေးကောက်ပွဲဝင်ဖို့ ဆိုပြီး အနယ်နယ် အရပ်ရပ်က ဆရာဝန်တွေ၊


ဝန်ထမ်းဟောင်းတွေကို စည်းရုံးပြီး အမည်စာရင်းတွေ တင်ထားတယ်။ စစ်ဗိုလ်ဟောင်းတွေ သက်သက်နဲ့ သူတို့
မရဘူးဆိုတာ သိထားတယ်။ အဲဒီ လူတွေ လွှတ်တော်ထဲရောက်သွားရင် သူတို့ စကားနားထောင်ပါ့မလား
ဆိုတာကိုလည်း စိုးရိမ်နေပုံရတယ်။ ဒါကြောင့် အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် လွှတ်တော်အသီးသီးကို
ထိန်းချုပ်နိုင်ဖို့ လွှတ်တော်ထဲ ဝင်ထိုင်ဖို့ လုပ်တာပဲ ဖြစ်တယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ
လွှတ်တော်အမတ်လောင်းတဦးက ပြောသည်။

ရွေးကောက်ပွဲ ပြီးသွားပါကလည်း ယခုစစ်ဗိုလ်ချုပ်များပင် ဆက်လက်အုပ်ချုပ်မည်မှာ သေချာနေခြင်းကြောင့်


အလွှာအသီးသီးမှ ပြည်သူများက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း၊ မိမိတို့ နေထိုင်ရာဒေသတွင်
မည်သည့်ပါတီက မည်သူ ရွေးကောက်ပွဲဝင်မည် ဆိုခြင်းကိုလည်း မသိကြောင်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊
မြစ်ကြီးနား၊ ပဲခူး၊ မုံရွာ မြို့ခံများက ပြောသည်။

Source:http://khitpyaing.org/index.php?route=detail&id=4657

ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာဖြန့်သူ ၂ ဦး အဖမ်းခံရ


ရန်ကုန်တိုင်း အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံ့ဆော်စာများ ဖြန့်ဝေသည့် လူငယ် ၂ ဦးကို
အာဏာပိုင်များက ယနေ့နံနက်တွင် ထိန်းသိမ်း လိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံသား တယောက်အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသကဲ့သို့ မဲမပေးဘဲနေရန်


အခွင့်အရေးလည်းရှိသည်” ဆိုသည့် စာသားများပါဝင်သော လှုံ့ဆော်စာများနှင့်အတူ ရွှေပြည်သာ ၁၃ ရပ်ကွက်နေ
မောင်သိန်းဇော်နှင့် တောလေးကျေးရွာ လှော်ကားနေ မောင်ခိုင်ဇော် တို့ကို အရပ်ဝတ်နှင့် အာဏာပိုင်များက
နေအိမ်များမှ ခေါ်ဆောင် သွားသည်ဟု ထိန်းသိမ်းခံရသူများ၏ မိတ်ဆွေများက ဆိုသည်။

“စာရွက်တွေနဲ့အတူ မိတာ။ ဒီမနက်ကပဲ လာဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတာ အခုထိ မသိရသေးဘူး။


သူတို့ မိဘတွေလည်း စိတ်ပူနေကြတယ်” ဟု မောင်သိန်းဇော်နှင့် မောင်ခိုင်ဇော်တို့၏ မိတ်ဆွေတဦးက ပြောသည်။

ရွှေပြည်သာ မြို့နယ်ရဲစခန်းနှင့် လှော်ကားရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်


ဖြေဆိုသူများက မသိကြောင်းသာ ဖြေကြား၍ ဖုန်းချသွားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်၊ ဒဂုံ၊ ဒေါပုံ၊ ဒလ စသည့် မြို့နယ်များအပါအ၀င်၊ ရခိုင်ပြည်နယ်၊


မန္တလေးတိုင်းနှင့် တခြားသော တိုင်းနှင့်ပြည်နယ်များရှိ တက်ကြွလှုပ်ရှားသူ လူငယ်များက နိုဝင်ဘာလတွင်
ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုံ့ဆော်စာများ၊ ပို့စ်ကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေခြင်း မကြာခဏ
လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပဲခူးမြို့ နာရီစင်ပေါ်တွင် ရွေးကောက်ပွဲ၌ မဲမပေးဘဲနေရန်


အခွင့်အရေးရှိကြောင်း စာသားများပါသည့် လှုံ့ဆော်စာ ပိုစတာကြီးကို ကပ်ထားခဲ့သည့်ဖြစ်ရပ်တခု
ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန်၊ တွေ့ဆုံဆွေးနွေးမှုပြုရန်


တိုက်တွန်းသည့် ရွှေဂုံတိုင်ကြေညာချက်ကို လက်ကိုင်ထား၍ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းလည်း မပြုသည့်အပြင်၊
ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ မဲပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များအနေဖြင့်


မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း ပြီးခဲ့သည့်လ ရှေ့နေများနှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းကလည်း စစ်အစိုးရ၏ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့် အတုအယောင်


ရွေးကောက်ပွဲသာ ဖြစ်ကြောင်း သုံးသပ်ဝေဖန်ကြသည်။ နိုင်ငံတကာ အသိုင်းအ၀န်းကမူ လွတ်လပ်၍
တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် စစ်အစိုးရကို တိုက်တွန်းမှုများပြုလျက်ရှိသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4083-2010-09-17-11-19-49

အစိုးရသြဇာခံ အရပ်ဘက် အဖွဲ့များ ဖွဲ့ရန် စီစဉ်နေ


၂၀၁၀ ရွေးကောက်ပွဲလွန် ကာလတွင် အစိုးရက ချုပ်ကိုင်နိုင်မည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား
အစရှိသည့် အရပ်ဘက် အဖွဲ့အစည်း၊ သမဂ္ဂများ ဖွဲ့ရန် စီစဉ်နေကြောင်း စုံစမ်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲဝင်မည့် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော


ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ
ဦးဝင်းမြင့်၊ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေ၊ ယုဇန ကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့် တို့ ဦးဆောင်ပြီး အလုပ်သမား
သမဂ္ဂ တခုဖွဲ့စည်းရန် စစ်အစိုးရ တာဝန်ရှိသူ တချို့က ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)နှင့်
လာရောက်ဆွေးနွေးမှုများ ပြုလုပ်သည်ဟု ရန်ကုန် ILO ရုံးမှ ၀န်ထမ်း တဦးကပြောသည်။

အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်သည့် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး


ကော်မတီကလည်း အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိနေသဖြင့် စစ်အစိုးရက လက်ဦးမှုရယူကာ
၎င်းတို့ချုပ်ကိုင်နိုင်သော အလုပ်သမား သမဂ္ဂဖွဲ့ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ILO ၀န်ထမ်းက ဆိုသည်။

ILO ၀န်ထမ်းက ဆက်လက်ပြီး ရှေ့နေ ကိုဖိုးဖြူ တို့ကလည်း အလုပ်သမား သမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့်ရရန်
ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် အစိုးရဘက်က လက်ဦးမှုရရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ILO အနေဖြင့်
လုံးဝမရှိခြင်းထက်စာလျှင် အဖွဲ့အစည်း တခုရှိနေခြင်းက ကောင်းမွန်သည်ဟု ယူဆ၍ လက်ခံဆွေးနွေးမှုများ
ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရှေ့နေ ကိုဖိုးဖြူ သည် လယ်ယာမြေ အဓမ္မ အသိမ်းခံရ၍ ILO သို့ တိုင်ကြားသည့် မကွေးတိုင်း နတ်မောက်မြို့နှင့်
အောင်လံမြို့မှ လယ်သမားများအမှုကို လိုက်ပါဆောင်ရွက်ပေးသည့်အတွက် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လအတွင်းက
မကွေးမြို့တွင် အာဏာပိုင်များ က ဖမ်းဆီး၍ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ ထို့နောက် ၃ နှစ်
လျှော့ချလိုက်သောကြောင့် ထောင်ကျ ရက် တနှစ် နှင့် ပြီးခဲ့သည့် မတ်လအတွင်းက ပြန်လည်
လွတ်မြောက်လာသည်။

အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်နှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်နေသည့်အတွက်


ပြည်သူ့အကျိုး အမှန် တကယ် ဖော်ဆောင်မည့် အရပ်ဘက် လူ့ အဖွဲ့အစည်းများ ပေါ်ထွက်လာမည်ကို
စိုးရိမ်သဖြင့် အစိုးရက ထိန်းချုပ်နိုင်မည့်သူများ ဦးဆောင်သည့် အသင်းအဖွဲ့များ၊ သမဂ္ဂများ
အမြန်ပေါ်ထွက်လာစေရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်


တာဝန်များဆိုသည့် အခန်း ပုဒ်မ ၃၅၄/ဂ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊
ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူ တို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့်
မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံး များ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိသည်ဟု
ဖော်ပြပါရှိသည်။

လယ်သမား ကိုယ်စားပြု အဖွဲ့အစည်းအနေဖြင့်လည်း အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ


တည်ထောင်ထားသည့် ဆန်စပါး အထူးပြု ကုမ္ပဏီများက ဦးဆောင်ပြီး လယ်သမားသမဂ္ဂ သို့မဟုတ်
အခြားနာမည်တခုဖြင့် ဖွဲ့စည်းသွားရန် ဆန်စပါး ကုမ္ပဏီများကို ညွှန်ကြားထားသည်ဟု ဧဒင် ဦးချစ်ခိုင်
တည်ထောင်ထားသည့် Gold Delta ဆန်စပါး အထူးပြု ကုမ္ပဏီမှ အမှုဆောင် လူကြီးတဦးက ပြောသည်။

တက္ကသိုလ်ကျောင်းများတွင်လည်း စစ်အစိုးရကို လိုလားသည့် တက္ကသိုလ် ဆရာများဦးဆောင်ပြီး ကျောင်းသား


အဖွဲ့အစည်းများ ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ တဦးက
ပြောသည်။

“အမျိုးသားညီလာခံထောက်ခံကြိုဆိုပွဲတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံ ပွဲတွေမှာ စင်ပေါ် တက်ပြီး


လူရှေ့သူရှေ့ ဟော ပြောခဲ့တဲ့ ဆရာတွေက ဦးဆောင်ပြီး ကျောင်းသားအဖွဲ့အစည်းတွေဖွဲ့ဖို့ လုပ်နေတာပါ။ အရင်
ကထိကလောက်ပဲ ရှိတဲ့သူတွေက အဲဒီပွဲတွေမှာလည်း ပါပြီးရော ရာထူးတွေ ကျော်တက်ပြီး ပါချုပ်တွေ၊ ဒု
ပါချုပ်တွေ ဖြစ်ကုန်တယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး သိပ္ပံ ဘာသာရပ်လေ့လာနေသူ သတင်းစာဆရာ တဦးက“အာဏာရှင်ဆိုတာကတော့


အင်အားကောင်းတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပေါ်လာမှာကို အရမ်း ကြောက်တယ်။ နိုင်ငံတနိုင်ငံမှာ
အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာတာနဲ့အမျှ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက အထိုက်အလျှောက်
တွဲပါလာတာပဲ။ ဒါကြောင့် သူတို့က အဲဒါတွေ အဖြစ်ခံမှာမဟုတ်ဘူး”ဟု ဝေဖန်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းကဲ့သို့သော နိုင်ငံရေးမဖက် လူမှုရေးသီးသန့်သာ လုပ်သည့် အရပ်ဘက်


လူ့အဖွဲ့အစည်းမျိုး ရှိနေခြင်းကြောင့် ပြည်သူလူထုကို များစွာအထောက်အကူပြုနိုင်သည့်အပြင် အစိုးရ၏
အားနည်းချက်၊ လိုအပ်ချက်များနှင့် တာဝန်မဲ့ မှုတို့ကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်ဟုလည်း ၎င်းက
ထောက်ပြသည်။

လူ့အခွင့်အရေး လှုပ်ရှားသူ၊ လယ်သမားများအရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးနေသူ ပဲခူးမြို့မှ ရှေ့နေကြီး


ဦးအေးမြင့်က လည်း“တန်ဖိုးရှိတဲ့၊ တိုင်းပြည်ကလေးစားတဲ့လူမျိုးရဲ့ စကားကိုတော့ လူထုက ယုံမယ် ၊ နအဖ
အစိုးရကို ထောက်ခံတဲ့လူမျိုး အစိုးရနဲ့ပေါင်း ချမ်းသာလာတဲ့ လူမျိုးတွေရဲ့စကားကို လုံးဝတန်ဖိုးထားမှာ မဟုတ်ဘူး
၊ အလုပ်သမားအခွင့်အရေး ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့မယ် ၊ ကျောင်းသား သမဂ္ဂတွေ ပြန်ဖွဲ့ခွင့်ပေးမယ်ဆိုရင်
အစောကြီးကတည်းက လုပ်ပါလား"ဟု ပြောဆိုသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4079-2010-09-17-08-00-28

လိုင်ဇာဒေသခံများ အသွားအလာ ထိန်းချုပ် ကန့်သတ်ခံနေရ


ပေါက်ပေါက် / ၁၇ စက်တင်ဘာ ၂၀၁၀

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်ရှိရာ တရုတ်-


မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့အခြေချ ကေအိုင်အို တပ်ဖွဲ့ဝင်များသည်
မြို့ပေါ်နှင့် အနီးနားကျေးရွာများသို့ သွားလာရန် ခက်ခဲနေသကဲ့သို့
တရုတ်ပြည်ဘက်ကမ်းသို့ သွားလာသည့် ယာဉ်များလည်း
ကန့်သတ်ခံနေရကြောင်း သိရသည်။

လိုင်ဇာမြို့၏ တောင်ဘက် (၁ဝ) မိုင်ခန့်အကွာရှိ နအဖစစ်တပ်


စခန်းချထားသည့် လဂျားယန် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်နိုင်ရန်
ကြိုတင်ခွင့်ပြုချက် တောင်းခံနေရပြီး အနီးနားကျေးရွာများနှင့် တပ်ဖွဲ့၏
စိုက်ခင်းများသို့ပင် သွားရောက်ရန် ခက်ခဲနေကြောင်း လိုင်ဇာရှိ ကေအိုင်အိုအရာရှိငယ်တဦးက ပြောသည်။

၎င်းက “မြို့ပေါ်ကို သွားလာမယ်ဆိုရင် မပခကို ကြိုတင်သတင်းပို့ရတယ်။ ခွင့်ပြုမှ သွားရတယ်ဆိုတော့ သွားလာဖို့


ကျပ်သွားတယ်။ လဂျားယန်ဂိတ်ကို ကျော်ပြီး သွားရတဲ့ စိုက်ခင်းတွေ၊ ရွာတွေကို သွားဖို့ ခက်သွားတယ်။ ဂိတ်က
ည(၇) နာရီကနေ မနက် (၇) နာရီအကြား ပိတ်ထားတယ်ဆိုတော့ အရေးပေါ် သွားလာဖို့ ခက်သွားတယ်။
အနီးနား ကျေးရွာလူထုက လိုင်ဇာဆေးရုံ လာတက်တာများတယ်။ ညအချိန်မတော် အရေးပေါ် ကုသမှုခံယူဖို့
လိုလာရင် လူနာအတွက် ပြဿနာပေါ့” ဟု ပြောသည်။

မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ (၁၄၂) က


စခန်းထိုင် တာဝန်ကျနေသည်။

ကေအိုင်အိုနှင့် နအဖတပ်များအကြား စစ်ပွဲပြန်ဖြစ်တော့မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ဒေသခံ လူထုအကြား


စိုးရိမ်မှုတိုးပွားလာနေကြောင်း၊ သို့သော် တရုတ်ပြည်ဘက်သို့ ပစ္စည်းများ ကြိုတင်ရွှေ့ပြောင်းမှုများကို
တရုတ်နယ်စပ် အာဏာပိုင်များက ပိတ်ထားကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ်က နအဖဘက်က တိုက်လေယာဉ်တစင်း ဒီနယ်စပ်တလျှောက် ပျံပြီး


ထောက်လှမ်းသွားတယ်ဆိုတဲ့ သတင်းက ထွက်နေတာ။ လဂျားယန်ဂိတ်ကလည်း မနှစ်က ကိုးကန့်တိုက်ပွဲ
အချိန်တုန်းကလို သံဆူးကြိုးတွေ လမ်းပေါ်မှာ ချပြီး ကာတာတွေ လုပ်လာတယ်ဆိုတော့ ပိုပြီး စိုးရိမ်လာကြတယ်။
ပြီးတော့ တရုတ်ပြည်ဘက်ကမ်းထဲ ပစ္စည်းတွေ ရွှေ့ပြောင်း၊ သယ်တာတွေကိုလည်း တရုတ်ဘက်က လက်မခံဘူး။
ကားတွေ၊ ဆိုက္ကားတွေ သူတို့ဘက်ထဲ ပေးမဝင်ဘူး” ဟု ပြောသည်။
ယမန်နှစ် ဧပြီလအတွင်းကစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ပြောဆိုမှုကို ကေအိုင်အို အပါအဝင်
အပစ်ရပ်အဖွဲ့များက ငြင်းဆန်ခဲ့ပြီးသည့်နောက် နှစ်ဖက်အကြား စစ်ရေးပြင်ဆင်မှုများ၊ တင်းမာမှုများ ရှိခဲ့သဖြင့်
ယမန်နှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ် အစောပိုင်းတွင် လိုင်ဇာဒေသခံများနှင့် ကေအိုင်အို မိသားစုဝင်များက ၎င်းတို့၏
ပစ္စည်းများကို တရုတ်ပြည်ဘက်သို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြသေးသည်။

ကေအိုင်အို ထိန်းချုပ်ရာဒေသရှိ ကျေးရွာအုပ်စုများအား ရွေးကောက်ပွဲကျင်းပခြင်း မပြုသည့် နယ်မြေများအဖြစ်


စက်တင်ဘာ (၁၆) ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်
သတ်မှတ်ခဲ့သည်။

Source:http://khitpyaing.org/index.php?route=detail&id=4658

မြို့နယ် ၄ ခုနှင့် ကျေးရွာအုပ်စု ၃၀၀ ခန့်တွင် ရွေးကောက်ပွဲ မကျင်းပ


တိုင်းရင်းသား ပြည်နယ် ၅ ခုရှိ မြို့နယ် ၄ ခုနှင့် ကျေးရွာ အုပ်စု ၃၀၀ နီးပါး၌ ရွေးကောက်ပွဲ ကျင်းပပေးခြင်း
မပြုလုပ် တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ လိုက်သည်။

ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန် ပြည်နယ်တို့အတွင်းမှ ကျေးရွာအုပ်စုများနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပန်ဆန်း၊


နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော ၄ မြို့နယ်၌ လုံးဝ ကျင်းပမည်မဟုတ်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင်
ဖော်ပြထားသည်။

အဆိုပါ ၄ မြို့နယ်သည် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည်။ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင်


မြို့နယ် ၆ မြို့နယ် ပါဝင်သည်။

ထိုနယ်မြေများ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ


ကော်မရှင် ဥပဒေ ပုဒ်မ ၈ (စ) အရ ရွေးကောက်ပွဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေအများစုသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား


လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ ဒေသများ ဖြစ်သည်။

“ကျနော့် အထင်တော့ ဒီနေရာတွေက လုံခြုံရေးအတွက် စိတ်မချရဘူးထင်လို့ မကျင်းပဖြစ်တာလို့ပဲ


ယူဆပါတယ်”ဟု
ချင်းပြည်နယ် တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီသို့ ပြောသည်။

ထိုနယ်မြေများသည် သွားလာရေး အတွက် အခက်အခဲရှိသည့် ဒေသများဖြစ်သည်ဟုလည်း ဦးလုံစီက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က “သူတို့လိုတုန်းကတော့ ဒီနေရာတွေမှာ


သေနတ်သံ မကြားရတော့ဘူး၊ အေးချမ်းနေပါပြီဆိုပြီး ပြောတယ်။ အခု သူတို့ကို မနာခံတာတွေ ရှိလာပြီး
မလိုတော့တဲ့ အခါကျတော့ မငြိမ်းချမ်းတဲ့ နယ်မြေတွေအဖြစ် သတ်မှတ်တယ်။ ဒီရွေးကောက်ပွဲ မလုပ်ရတဲ့အတွက်
ဒေသခံတွေအဖို့ ဘာမှ မဆုံးရှုံးပါဘူး” ဟု ပြောသည်။

ပြည်နယ် ၅ ခုအနက် ရှမ်းပြည်နယ်တွင် အထက်ပါ ၄ မြို့နယ်အပြင် စုစုပေါင်း ၁၂ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၉


မြို့နယ်၊
ကရင်ပြည်နယ်တွင် ၇ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်နှင့် မွန်ပြည်နယ်ရှိ ဘီလင်း၊ ကျိုက်ထို ၂
မြို့နယ်တို့မှ ကျေးရွာ အုပ်စု ၂၈၆ အုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင်က
ကြေညာထားသည်။

မွန်ပြည်နယ်မှ ရွေးကောက်ပွဲမပြုလုပ်တော့သည့် မြို့နယ် ၂ ခုသည် မွန်နိုင်ငံရေး အင်အားစုများ နေထိုင်ရာဒေသ


ဖြစ်သည့် အပြင် ၁၉၉၀ ရွေးကောက်ပွဲ၌ မွန်ဒီမိုကရေစီ ခေါင်းဆောင်များ အနိုင်ရခဲ့သည့်နေရာ ဖြစ်ကြောင်း
မွန်ဒေသခံတဦးကဆိုသည်။

“ဒီနေရာတွေက တိုင်းရင်းသားတွေ လွှမ်းမိုးနေတဲ့အတွက် တခြားပါတီတွေက နေရာမရနိုင်ဘူးလေ။ ဒီတော့


တိုင်းရင်းသား တွေ ကိုယ်စားမပြုတဲ့ တခြားအင်အားကြီးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို
ဖိအားပေးတဲ့ အတွက်လည်း ဒီနေရာ တွေမှာ ရွေးကောက်ပွဲ မလုပ်တာ ဖြစ်နိုင်ပါတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပမည့် ကျေးရွာအုပ်စုများ ပါဝင်သော မြို့နယ် ၇ ခုမှာ မြ၀တီ၊ ကော့ကရိတ်၊


ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်နှင့် သံတောင်မြို့နယ်တို့ ဖြစ်သည်။

“စစ်အစိုးရက ရွေးကောက်ပွဲ နီးလာလေ တိုင်းရင်းသားတွေကို နှိပ်ကွပ်လေ ဖြစ်လာတယ်။ ဒီမိုကရေစီ


အင်အားစုတွေ
နေရာ မရအောင်လုပ်လေဘဲ။ အစိုးရခိုင်းတာ လုပ်ပေးနေရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာကလည်း
ဘယ်တော့မှ တရား
မျှတတဲ့ ဥပဒေအတိုင်း လုပ်ဆောင်ပေးမှာမဟုတ်ဘူး”ဟု မြ၀တီမြို့မှ ကရင်တိုင်းရင်းသား ကုန်သည်တဦးက
ပြောသည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပတော့သည့်နေရာတွင် မြ၀တီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၎


ခုပါဝင်ပြီး မြ၀တီ ဒေသ၌ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား
တပ်မတော်(DKBA) အဖွဲ့ဝင် များ အခြေစိုက်လျက်ရှိသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုဟု ကြေညာထားသော ပြည်နယ် ၅ ခုမှ မြို့နယ်ပေါင်း ၃၂ မြို့နယ်၏ ကျေးရွာအုပ်စု


အများစု သည် လုံခြုံရေး စိတ်မချရဟု ယူဆရသော်လည်း တချို့သောနေရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှု
အပြည့်အ၀ရှိကြောင်း လည်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “အဓိကက လုံခြုံရေးကြောင့် မလုပ်ဖြစ်ဘူးလို့ ထင်တယ်။


ဒါပေမယ့် တည်ငြိမ် အေးချမ်းသွားတဲ့ အချိန်ရောက်ရင်တော့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးနိုင်ပါတယ်။
ဒီလိုလုပ်ပေးခဲ့တာ မြန်မာနိုင်ငံမှာ ရော နိုင်ငံတကာမှာလည်း ရှိခဲ့တယ်”ဟု ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌လည်း ငြိမ်းချမ်းမှု မရှိဟု ယူဆသော မဲဆန္ဒနယ် ၇ ခုတွင် ရွေးကောက်ပွဲ


မပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် NLD အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ပါတီ ကို


ဖျက်သိမ်းခြင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ဟောပြောခွင့်ပြုမိန့်
လျှောက်ထားနိုင်ခြင်းတို့ကိုလည်း ကြေညာချက် များ ထုတ်ပြန်ခဲ့သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4084-2010-09-17-11-22-01
လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ
အမေရိကန် ဆက်ကျင့်သုံးမည်
အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက်
ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။

စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး


တက်လာမည့် နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်သော မြန်မာအစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို
ဆက်လက်ကိုင်စွဲသွားခြင်း သာ အသင့်လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက
ယမန်နေ့က ပြောကြားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်


နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ်
ကမ်းဘဲလ်က “မြန်မာအစိုးရနဲ့ နားလည်မှု
ရရှိရေး ဆွေးနွေးပွဲ အတွက် ဆက်ပြီး
တံခါးဖွင့်ထားဖို့ ရည်မှန်းချက်ကို ဒေသတွင်းက
မိတ်ဆွေနိုင်ငံများနဲ့ အနီးကပ် တိုင်ပင်
ဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ နောက်လာမယ့်
အစိုးရသစ်နဲ့ အလုပ်ဖြစ်ဖို့ကလည်း ခက်ခက်ခဲခဲ
ရွေးစရာထဲမှာ တိုက်ရိုက်
ညှိနှိုင်းဆောင်ရွက်ရေးတခုပဲ ရှိပါတယ်” ဟု
ဆိုသည်။

“အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းဆောင်ရွက်ရေး နောက်ထပ်ခြေလှမ်းများ” ဟူသော မစ္စတာ ကမ်းဘဲလ်၏


မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စ ပရစ်စီလာ
ကလပ်က နိုဝင်ဘာရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အိုဘားမား အစိုးရ၏ မူဝါဒကို မေးမြန်းရာမှ
အထက်ပါအတိုင်း မစ္စတာ ကမ်းဘဲလ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အကျပ်အတည်းတွေ ကြုံရပါတယ်။ လက်ရှိအခြေအနေတွေအရ စောင့်ကြည့်လေ့လာသူတွေကို


လက်မခံ၊ နိုင်ငံတကာ စံနှုန်းတွေကို မလိုက်နာဘဲ လုပ်မယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာက
အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲက လူသစ်၊ ပါဝါဆက်ဆံရေး အသစ်၊ တည်ဆောင်ပုံ
အသစ်တွေ ပြည်တွင်းမှာ ဖန်တီးလာနိုင်ဖွယ် ရှိပါတယ်”ဟု ကမ်းဘဲလ်က ပြောသည်။

တိုးတက်မှု တစုံတရာရှိလာစေရန် ဖိအားပေးမှုနဲ့ မက်လုံးပေးမှုများ တပြိုင်တည်း လုပ်သွားရလိမ့်မည်ဖြစ်ကြောင်း၊


ထိုနည်းလမ်းနှစ်မျိုးစလုံးအတွက် ပြင်ဆင်ထားကြောင်း ကမ်းဘဲလ်က ဆက်လက်ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် အိုဘားမား အစိုးရ၏ မြန်မာပြည် မူဝါဒရေးရာအတွက်


အကောင်အထည်ဖော်နေသူဖြစ်ပြီး စစ်အစိုးရ အပေါ် တွန်းအားပေးသည့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးနှင့်
စီးပွားရေး ပိတ်ဆို့ အရေးယူရေး မူဝါဒအရ ဆွေးနွေးမှု နှစ်ကြိမ်စလုံးကို ဦးဆောင် စီစဉ်ခဲ့သူဖြစ်သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၀ ပြည့်နှစ် မေလတို့တွင် ကမ်းဘဲလ်သည် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို


ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ဖူးသည်။
“အိုဘားမား အစိုးရ တက်လာပြီးတဲ့နောက် မြန်မာပြည် အရေးကို အနီးကပ် အကဲခတ်ဖို့ ဆန္ဒ ရှိခဲ့ပါတယ်။
သက်ဆိုင်ရာ လုပ် ကိုင် ဆောင်ရွက်နေသူတွေ၊ ဒေသတွင်း တခုလုံးမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊
အစိုးရတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ အာဆီယံရဲ့
သဘောထားဖြစ်တဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မဟာဗျူဟာကို စစ်အစိုးရအပေါ် သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် အဆိုးမြင်သဘောနဲ့ စီးပွားရေးပိတ်ဆို့မှုလည်း မပြောင်းလဲစေဘဲ ချဉ်းကပ်ခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ
မြန်မာပြည်တွင်း ပြောင်းလဲမှု ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်သေးပါဘူး” ဟု ကမ်းဘဲလ်က
ပြောသည်။

စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အမေရိကန်အစိုးရမူဝါဒကို အပြည့်အဝ ဆက်လက်ထောက်ခံမည်


ဖြစ်သော်လည်း ယထာဘူတကျကျ ပြောရလျှင် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးသည်
စိတ်ပျက်စရာရလဒ်များသာ ရသေးပြီး စိန်ခေါ်မှုများ ရှိနေဆဲဟု ကမ်းဘဲလ်က ဝန်ခံပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး


အကျဉ်းသားများကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲကို
တရားမျှတရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို တိုက်တွန်းထားသည်။

ထို့အပြင် မြောက်ကိုရီးယား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပတ်သက်၍လည်း အမေရိကန်၏


စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

“အစက ပြောခဲ့သလိုပဲ ဒီလုပ်ငန်းစဉ်တခုလုံးကို ရေတိုမှာ ဖြစ်မြောက်လာဖို့ မျှော်လင့်မထားပါဘူး။


ရေရှည်သွားရမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့ ကတိတွေ အလွန်အကျွံ မပေးလိုပါဘူး။ ကျနော်တို့
လုပ်ကိုင်နေတာ ဘယ်အခြေအနေရောက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းရှိဖို့ ကြိုးစားနေပါတယ်” ဟု ကမ်းဘဲလ်က
ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအပေါ် အမေရိကန်၏ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို


ထောက်ခံကြောင်း ပြီးခဲ့သည့် မေလက မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု
သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပထမဆုံး တွေ့ဆုံခွင့်ရစဉ်မှာ ဘာကြောင့် စစ်အစိုးရနဲ့


တွေ့ဆုံဆွေးနွေးတယ်ဆိုတာကို မိနစ် ၃၀ လောက် ဆွေးနွေးခဲ့ကြပါတယ်။ ဘာမှ မသေချာသေးဘူးဆိုပေမယ့်
ပွင့်လင်းစွာ ပြောရရင် ရှေ့ဆက် ဆွေးနွေးဆဲပါပဲ” ဟု ကမ်းဘဲလ်က ဆိုသည်။

အနည်းဆုံးအားဖြင့် အဆိုးထဲမှ အကောင်းအဖြစ် မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများနှင့်


ဆွေးနွေးခွင့် ရခဲ့ကြောင်း၊ အမေရိကန် ကြိုးပမ်းမှုအတွက် အကူအညီတောင်းနိုင်ခဲ့ကြောင်းနှင့် အမေရိကန်၏
အကျိုးစီးပွားအတွက် အကောင်းဆုံး နည်းဗျူဟာအဖြစ် သံတမန်နည်းကျ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး
ရခဲ့ကြောင်း ကမ်းဘဲလ်က ပြောသည်။

တချိန်တည်းတွင်ပင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ်ကလည်း မြန်မာနိုင်ငံ၏ အကွက်ကျကျစီမံထားသော


ရွေးကောက်ပွဲသည် “စစ်အစိုးရ အာဏာ ဆက်လက်ချုပ်ကိုင်ရေးအတွက် ဟန်ပြ စီမံထားချက်” ဖြစ်ကြောင်း
ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ပါတီများ
ဖျက်သိမ်းခံရကြောင်း စစ်အစိုးရက ကြေညာပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

မစ္စတာ ဝီလျံ ဟိဂ်၏ ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် စစ်အစိုးရက အာဏာကို


ဆက်လက်ချုပ်ကိုင်ရန် စီမံချက်ဖြစ်ပြီး မြန်မာပြည်သူလူထု၏ နိုင်ငံခေါင်းဆောင်များအား လွတ်လပ်စွာ
ရွေးချယ်ခွင့်ကို ငြင်းပယ်ခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲသည် အမျိုးသားရင်ကြားစေ့ရေး၊ ဆယ်စုနှစ်နှင့် ချီ၍ ရှည်ကြာနေသည့် တိုင်းရင်းသား ပဋိပက္ခနှင့်


မဖြစ်သင့်သည့် ဆင်းရဲနွမ်းပါးမှုများ ပပျောက်ရေးအတွက် အခွင့်အလမ်းသာ ဖြစ်သင့်ကြောင်း၊ ယခု
ထိုအခွင့်အလမ်းသည် အချည်းနှီးဖြစ်နေကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။

နောက်ဆုံး အခြေအနေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တုန်လှုပ်ခြောက်ခြား၊ ပြစ်တင်ပြောဆိုစရာ


ဖြစ်နေပြီး၊ မြန်မာပြည်သူများဘက် ရပ်တည်ရေးအတွက် ဆက်လက်ဆုံးဖြတ်ရန်သာ ဖြစ်ကြောင်းလည်း
ဖော်ပြထားသည်။

ဗြိတိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်းကလည်း “အခု မြန်မာ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး


တရားမျှတမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ လည်မျိုကို စစ်အစိုးရက ပိုပြီး ညှစ်ဖို့ အတွက် ရွေးကောက်ပွဲပဲ
ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအမြင်များကို ပိတ်ပင်ထားကြောင်း၊ ပြည်သူလူထုသည် မည်သို့မျှ ထုတ်ဖော်ပြောဆိုခွင့်


မရှိသဖြင့် မိမိတို့က ကိုယ်စား ထုတ်ဖော်ပြောဆိုပေးရေးသည် အရေးပါကြောင်း မီလီဘန်းက
ဆက်လက်ပြောသည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/4086-2010-09-17-11-38-45

အဲန်ဒီအက်ဖ် နှင့် ယူဒီပီပါတီ မှ ကိုယ်စားလှယ်များ ယှဉ်ပြိုင်အရွေးခံမယ်


ခိုနူမ်းထုန်သတင်း၊ ၁၆ စက်တင်ဘာ ၂၀၁၀
ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်မဲဆန္ဒနယ်တွင် National Democratic Force ( NDF) နှင့်
United Democracy Party ( UDP) မှ ကိုယ်စားလှယ်လောင်းများ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ နယ်နှင့်
ပလက်ဝမြို့နယ်မဲ ဆန္ဒနယ်တို့တွင် ယှဉ်ပြိုင်သွားမည်ဟု သတင်း ရရှိသည်။

အဲန်ဒီအက်ဖ် ကိုယ်စားလှယ်များသည် မတူပီမြို့နယ် မဲဆန္ဒနယ်တွင် ၎င်း၊ ယူဒီပီကိုယ်စားလှယ်များသည် ပ


လက်ဝ မြို့နယ်မဲဆန္ဒနယ်တွင် ၎င်း အသီးသီးယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

မတူပီမြို့နယ် မဲဆန္ဒနယ်မှ အဲန်ဒီအက်ဖ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အတွက် ဦးရွှေထန်း ( ၁၉၉၀ ခုနှစ်၊


အဲန်အယ်လ်ဒီလွှတ်တော် ကိုယ်စားလှယ်)နှင့် ပြည်နယ်ကိုယ်စားလှယ်အဖြစ် ဦးယုံကျင်း နှင့် ဦးဟန်တိုက် တို့ကို
လျာထား ကြသည်။

“အခုလက်ရှိမှာ ပြည်သူတွေအနေနဲ့အဲန်ဒီအက်ဖ်နဲ့ စီပီပီကို စိတ်ဝင်စားကြတယ်၊ သူတို့ စည်းရုံးရေးတွေ


မလုပ်သေးတော့ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေကြတယ်” ဟု သင်း အုပ်ဆရာတဦး ကပြောသည်။

အလားတူ ပလက်ဝမြို့နယ် မဲဆန္ဒနယ် မှ ယူဒီပီ ပြည်နယ် ကိုယ်စားလှယ်အဖြစ် ပူးဘေးမော်၊ ပြည်သူ့ လွှတ်


တော်ကိုယ် စားလှယ်အဖြစ် ပူး အမ်ဗန်နှင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဦးကျော်မြင့် နှင့်
ဦးမြင့်မောင်တို့အား လျာထားခဲ့ကြသည်။

“ ကျတော်တို့ နိုင်မယ်မနိုင်မယ်ကတော့စည်းရုံးရေးမလုပ် ရသေးဘူးဆိုတော့ ပြောရခက်နေသေးတယ်” ဟု


ပြည်နယ် ကိုယ်စားလှယ်လောင်း ပူး ဘေးမော်က ပြောသည်။ - Khonumthung News.
Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1284624843&archive=&start_from=&ucat=1&

နိုင်ငံရေးပါတီများ မဲထည့်ပုံ ပညာပေးသော်လည်း ပြည်သူများ နားမလည်


September 17th, 2010
နိုင်စန် -ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ရှိ နိုင်ငံရေးပါတီများက ပြည်သူများအား မဲထည့်သည့်
နည်းပညာများ ပေးနေသော်လည်း ပြည်သူများ နားမလည်ကြဟု သိရပါသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှင့် ပြည်နယ်လွှတ်တော်


ကိုယ်စားလှယ်အတွက် မည်သို့မဲပေးရမည်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီတို့က သင်တန်းပေးပြီး ရှင်းပြသော်လည်း မဲထည့်ပုံမှာ ရှုပ်ထွေး၍ နားမလည်ဟု အသက် (၆၀)
အရွယ်ရှိ မွန်အမျိုးသားတစ်ဦးက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ မဲထည့်သည့် ပညာပေးမှုကို တက်ရောက်ခဲ့သူတစ်ဦးက “တော်တော်လေး


ရှုပ်တယ် မဲထည့်တဲ့ ပုံစံက။ သုံးလေးမျိုးလောက် မဲထည့်ရတော့ ဘယ်ဥစ္စာက ဘယ်ဟာမှန်းလဲ မသိ၊
ဘာကိုထည့်ရမှန်းလဲ မသိဘူး” ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း ဆန္ဒမဲပေးခြင်းကို ဇယားကွက်များဖြင့် ပြည်သူများ နားလည်ရန်


ပညာပေးသော်လည်း တကြိမ်တည်းဖြင့် ပြည်သူများ နားမလည်းကြကြောင်း ပါတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

မည်သို့မည်ပုံ မဲပေးရမည့် ကြေညာချက် အတိအကျကို ရွေးကောက်ပွဲ ကော်မရှင်က


မထုတ်ပြန်ရသေးသည့်အတွက် အခြေခံအချက်ကိုသာ နိုင်ငံရေးပါတီများက ပညာပေးနေကြသည်။

“ဘယ်လိုပညာပေးပေး ပြည်သူတွေက ထည့်လို့တတ်မှာ မဟုတ်ဘူး၊ ကျနော်တို့သင်တန်းသား (၁၅) ယောက်


သင်တန်းမှာ မဲအစမ်းထည့်ကြည့်ကြတယ်၊ (၆) ယောက်ပဲ မှန်တယ်၊ ကျန်တဲ့ (၉) ယောက်က အားလုံး ပယ်မဲတွေ
ဖြစ်ကုန်တယ်” ဟု ပညာပေး အစီအစဉ်သို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

မဲရုံအတွင်းသို့ ရောက်ရှိသည့်အခါ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်


သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးစုလွှတ်တော် ကိုယ်စားလှယ်တို့အတွက် ဆန္ဒပြုရန်
လျှို့ဝှက်ဆန္ဒပြုခန်း (သို့မဟုတ်) လုံခြုံအောင် ဆောင်ရွက်ပေးထားသော နေရာများကို မြင်တွေ့ရမည်ဟု
မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

၎င်းအပြင် မဲဆန္ဒရှင်တစ်ဦးသည် လွှတ်တော်သုံးရပ်အတွက် မဲလက်မှတ်သုံးမျိုးဖြင့် ဆန္ဒမဲ ပေးကြရမည် ဖြစ်ပြီး


ယင်းဆန္ဒမဲလက်မှတ်များတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်နှင့် သင်္ကေတတို့ကိုလည်းကောင်း၊
ဆန္ဒမဲလက်မှတ်၏ ကျောဘက်တွင် ကော်မရှင်တံဆိပ်နှင့် ရေစာတို့ကိုလည်းကောင်း ဖော်ပြထားကြောင်း
ထိုသတင်းစာက ဆိုသည်။

Source:http://monnews.org/bu/?p=651

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေအများစု၌ ရွေးကောက်မကျင်းပ


လွတ်လပ်သောမွန်သတင်းအေဂျင်စီ - လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်
နယ်မြေဒေသတွေကို ရွေးကောက်ပွဲပြုလုပ်မည်မဟုတ်ကြောင်းကို ရွေးကောက်ပွဲကော်မရှင်က ကြေငြာသည်။

ယခုရွေးကောက်ပွဲမကျင်းပကြောင်း ကြေငြာလိုက်သည့်နယ်မြေအများစုသည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး


ရယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဥပဒေပုဒ်မ ၈(စ) အရ မြို့နယ် ၃၂ မြို့နယ်အတွင်းမှာ


ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

မွန်ပြည်နယ်မှာ ၂ မြို့နယ်၊ ကရင်ပြည်နယ်မှာ ၇ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ၁၂ မြို့နယ်၊ ကယားပြည်နယ်မှာ ၂


မြို့နယ်နှင့် ကချင်ပြည်နယ်မှာ ၉ မြို့နယ် စုစုပေါင်း ၃၂ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပခြင်းမရှိသည့်
နယ်မြေအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားသည်။

“အခုလို ရွေးကောက်ပွဲမကျင်းပဘူးလို့ ကြေငြာလိုက်တဲ့နယ်မြေတွေဟာ ဖြစ်နိုင်ချေက ၂ မျိုးရှိတယ်၊ တခုက


အဲဒီဒေသတွေဟာ တကယ်ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တိုင်းရင်းသားပါတီတွေပဲ အနိုင်ရမှာ၊ အဲဒါဆိုရင် အစိုးရရဲ့
ကျောထောက်နောက်ခံပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တို့ တစညတွေ မနိုင်တော့ဘူး အဲဒါကို ဒီလိုဒေသတွေဟာ
တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေဖြစ်တယ် ရွေးကောက်ပွဲလုပ်ရင် လုံခြုံမှုမရှိဘူးဆိုတဲ့
အကြောင်းပြချက်တွေနဲ့ပေါ့” ဟု နိုင်ငံရေး လေ့လာသူ မွန်အမျိုးသား တစ်ဦးက သုံးသပ်ပြသည်။

မွန်ပြည်တွင် ဘီလင်မြို့နယ်၊ သထုံမြို့နယ်နှင့် ကရင်ပြည်နယ်တွင် ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ သံတောင်ကြီး၊


မြဝတီ၊ ကော့ကရိတ်နှင့် ကြာအင်းဆိတ်ကြီးမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုသည့်နယ်များဖြစ်သည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးလိုမြို့နယ်တွေမှာ တကယ့်လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်


လက်နက်ကိုင်ကေအန်ယူတပ်ဖွဲ့တွေ လာရောက်ဖျတ်ဆီးနိုင်တယ်ဆိုသလိုမျိုး နောက်ပြီး
လတ်တလောအခြေအနေမှာ အပစ်ရပ်အဖွဲ့တွေနဲ့ စစ်အစိုးရအကြား အခြေအနေတင်းမာနေတာတွေလည်းပါမှာပဲ
လုံခြုံရေးကြောင့်ပေါ့လေဟု ၄င်းက ဆက်ပြောသည်။

လာမည့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန်အတွက် မွန်ပြည်နယ်တွင် မွန်လူမျိုးတို့၏ အကျိုးစီးပွားနှင့်


အခွင့်အရေးများအတွက် မွန်လူမျိုးများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ရပ် ရှိသင့်သည်ဟူသော
ယုံကြည်ချက်ဖြင့် မွန်ဒေသလုံးဆိုင်ရာ နိုင်ငံရေးပါတီကို ဖွဲ့စည်းခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရှိသော ပါတီ ၃၇ ပါတီကို မဲဆွယ်စည်းရုံးရန် မိမိတို့


ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ်များကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များကို တင်ပြလိုလျှင်
ကော်မရှင်သို့ အနည်းဆုံး ၇ ရက်ကြိုတင်လျှောက်ထားရသည်။

Source:http://monnews.org/bu/?p=657

You might also like